
အီတူးနဲ့နေ့တိုင်း တိုက်ခိုက်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလာတဲ့ မော်ရင်ဟို
အင်တာမီလန်အသင်းနည်းပြဟောင်း မော်ရင်ဟိုက ချဲလ်ဆီးနဲ့ဒုတိယအကျော့ပွဲမတိုင်ခင် တိုက်စစ်မှူး အီတူးနဲ့ နေ့စဉ်တိုက်ခိုက်ခဲ့ရကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ မော်ရင်ဟိုက ချဲလ်ဆီးနဲ့ဒုတိယအကျော့ပွဲမှာ အီတူးအနေနဲ့ ပါဝင်နိုင်ဖို့ တောင်းဆိုခဲ့ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။ ဘီဘီစီနဲ့အင်တာဗျူးမှာ မော်ရင်ဟိုတစ်ယောက် အီတူးနဲ့အကြောင်း ထုတ်ဖော်ပြောကြားခဲ့တာဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ် ချဲလ်ဆီးကနေထွက်ခွာပြီးနောက် ချန်ပီယံလိဂ် ၁၆ သင်းအဆင့်ပွဲမှာ ပထမဆုံးအကြိမ် အသင်းဟောင်းနဲ့ပြန်လည်တွေ့ဆုံခဲ့ပါတယ်။
အင်တာဟာ အဲ့အချိန်တုန်းက ဖလား ၃ လုံးချန်ပီယံဖြစ်ဖို့ ရေပန်းစားနေတာဖြစ်ပြီး ပထမအကျော့မှာ ချဲလ်ဆီးကို ၂-၁ နဲ့ ဦးဆောင်ထားနိုင်ခဲ့ပါတယ်။ မီလီတိုက အင်တာအတွက် အဖွင့်ဂိုးသွင်းယူပေးနိုင်ခဲ့ပြီး အဲ့နောက် အီတူးတစ်ယောက် ဂိုးရဖို့သေချာတဲ့အပိုင်အခွင့်အရေးကို လွဲချော်ခဲ့ပါတယ်။ အဲ့နောက် ပွဲကစားချိန် ၆၇ မိနစ်မှာ ပန်ဒက်ဖ်နဲ့ လူစားလဲခဲ့ရပြီး ဒုတိယအကျော့အတွက် မော်ရင်ဟိုက သံသယရှိလာခဲ့တာဖြစ်ပါတယ်။
“စိတ်ပိုင်းဆိုင်ရာဆိုတာက ပွဲတွေမှာ အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်ပါတယ်။ ပွဲတွေအနိုင်ကန်တာ နဲ့ အခုလိုဖိအားပေးတာက မတူပါဘူး။ အားလုံးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခင်ဗျားသိလား။ ကျွန်တော် ကစားသမားတော်တော်များများကို ကိုင်တွယ်ဖူးပါတယ်။ တစ်ဦးချင်းစီကို ကျွန်တော် မတူညီအောင် ကြည့်ရှုပါတယ်။ လူတစ်ယောက်ချင်းစီတိုင်းမှာ မတူညီတာတွေရှိပါတယ်။ ဥပမာပြောရရင် အီတူးက တကယ့်ကိုစိတ်ဓာတ်သန်မာတဲ့သူတစ်ယောက်ပါ။ ချဲလ်ဆီးကွင်းကိုမသွားခင် တစ်ပတ်လောက်မှာ ကျွန်တော် နဲ့ သူ နေ့တိုင်းစီးချင်းထိုးခဲ့ရပါတယ်။ ကြီးမားတဲ့ဆွေးနွေးမှုတွေလုပ်ခဲ့ရပါတယ်။ အဲ့မှာ ကျွန်တော်သူ့ကို လာမယ့်ချဲလ်ဆီးနဲ့ပွဲကို မင်းပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောခဲ့သလို ကစားဖို့လည်း အကောင်းဆုံးအနေအထားမှာရှိနေဘူးလို့ သူ့ကိုပြောခဲ့ပါတယ်။ သူကလည်း မစ္စတာ ကျေးဇူးပြုပြီး ကျွန်တော့်ကိုကစားခွင့်ပေးပါလို့ တောင်းဆိုခဲ့ပါတယ်။ ကျွန်တော်ကလည်း နိုးနိုး ၊ မစ္စတာဆိုတာ မရှိသလို မင်းပါဝင်ခွင့်ရမှာမဟုတ်ဘူးလို့ ပြောခဲ့ပြီး မင်းကိုမယုံဘူးလို့လည်း ပြောခဲ့ပါတယ်”လို့ မော်ရင်ဟိုက ပြောကြားခဲ့ပါတယ်။
မော်ရင်ဟိုရဲ့စိတ်ပိုင်းဆိုင်ရာလုပ်ဆောင်မှုက အလုပ်ဖြစ်ခဲ့ပြီး အီတူးရဲ့တစ်လုံးတည်းသောဂိုးနဲ့အတူ အင်တာမီလန်က ၂ ကျော့ပေါင်းရလဒ် ၃-၁ နဲ့ နောက်တစ်ဆင့်တက်နိုင်ခဲ့ပါတယ်။ အဲ့နောက်မှာ အင်တာဟာ မော်စကို ၊ ဘာစီလိုနာ နဲ့ ဘိုင်ယန်တို့ကို အဆင့်ဆင့်ကျော်ဖြတ်ပြီး ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။