The network connection is lost.

Banner Image

အစ်ဆွစ်ချ်နဲ့ပွဲမှ ဒိန်းစကားလက်ရဲ့ဂိုးဖန်တီးမှုကို အသုံးမဝင်ဆုံး ဘောလုံးအချက်အလက်ဖြစ်တယ်လို့ ဆိုလာတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက မန်စီးတီးနဲ့ယှဉ်ပြိုင်သွားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မတိုင်မီ ပြီးခဲ့တဲ့ အစ်ဆွစ်ချ်နဲ့ပွဲစဉ်က တိုက်စစ်မှူး ဒိန်းစကားလက်ရဲ့ ဂိုးဖန်တီးမှုကို ကမ္ဘာ့ဘောလုံးလောကမှာ အသုံးမဝင်တဲ့ဘောလုံးအချက်အလက်တစ်ခုဖြစ်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ 

မကြာသေးမီက တော့တင်ဟမ်ရဲ့စီနီယာလူစာရင်းသို့ရောက်ရှိလာခဲ့ပြီး ပြိုင်ပွဲစုံမှာ ၁ ဂိုးသွင်း၊ ၂ ဂိုးဖန်တီးထားတဲ့ လူငယ်တိုက်စစ်မှူးလေး ဒိန်းစကားလက်ရဲ့ခြေစွမ်းနဲ့ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာမှာ ပိုစတီကိုဂလူက လူငယ်ကစားသမားကို ချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ပြီး ဇွဲလုံ့လရှိကြောင်း အသိအမှတ်ပြုခဲ့ပါတယ်။ အသက်-၂၀ နှစ်အရွယ်ကစားသမားဟာ တော့တင်ဟမ်အတွက် ကစားခွင့်မရခင်မှာ ပို့စ်မောက်၊ အစ်ဆွစ်ချ်နဲ့ အောက်စ်ဖို့ဒ်ယူနိုက်တက်တို့မှာ အငှားစာချုပ်နဲ့သွားရောက်ကစားခဲ့ရပါတယ်။
 
ပိုစတီကိုဂလူက "ဒိန်းစကားလက်မှာ ခက်ခဲတဲ့ အငှားစာချုပ်တွေရှိခဲ့ပါတယ်။ ဒါပေမယ့် ဒါကလည်း သူရင့်ကျက်လာဖို့လိုအပ်တဲ့အပိုင်းပါ။ သူမှာ ဇွဲလုံ့လကောင်းကောင်းရှိပြီး အခွင့်အရေးတွေအတွက် အမြဲတမ်းအလုပ်ကြိုးစားနေပါတယ်။ ကျွန်တော်တို့အတွက် အကျိုးပြုနိုင်တာတွေလည်းလုပ်ထားပြီးပါပြီ။ အသင်းကို ပြန်ရောက်စမှာတုန်းက သူ့မှာကိုယ်ကာယကြံ့ခိုင်မှုကောင်းကောင်းမရှိခဲ့ပါဘူး။ အခုတော့ ကြိုးစားမှုကြောင့် ကြံ့ခိုင်မှုအပြည့်အဝရှိနေပါပြီ။ ပြီးခဲ့တဲ့ပွဲက သူ့ရဲ့ဂိုးဖန်တီးမှုကတော့ ကမ္ဘာ့ဘောလုံးလောကမှာ အသုံးမဝင်ဆုံး အချက်အလက်တစ်ခုပါပဲ။ ဘာကြောင့်လဲဆိုတော့ ဘောလုံးက သူ့ကိုထိပြီး ကျော်ထွက်သွားတာမို့လို့ပါ။ အဲဒီဘောလုံးက အသင်းဖော်ရဲ့ပြေးလမ်းကြောင်းထဲရောက်သွားပြီး ဂိုးရသွားပါတယ်။ ဒီတော့ ဒါကကျွန်တော့်အတွက်တော့ အထင်ကြီးစရာမဟုတ်ပါဘူး။ ဒါပေမယ့် အဲဒီဖန်တီးမှုက ကျွန်တော်တို့အတွက် ကောင်းမွန်တဲ့ဖန်တီးမှုတစ်ခုဖြစ်ခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပရီးမီးယားလိဂ်မှာ ၃ ပွဲဆက်တိုက်အနိုင်ရပြီး အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နားကိုကပ်လာပြီဖြစ်တဲ့တော့တင်ဟမ်ဟာ လာမယ့်မန်စီးတီးနဲ့ပွဲစဉ်မှာလည်း နိုင်ပွဲအတွက် ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်လာမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးကို ၀-၂ နဲ့ရှုံးနိမ့်ထားခဲ့တဲ့မန်စီးတီးကို တော့တင်ဟမ်က အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။ လက်ရှိပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၃ နေရာမှာရပ်တည်နေတဲ့တော့တင်ဟမ်အနေနဲ့ မန်စီးတီးနဲ့ပွဲစဉ်မှာ နိုင်ပွဲဖော်ဆောင်သွားနိုင်မလား စောင့်ကြည့်ရမှာဖြစ်ပြီး ဒိန်းစကားလက်အနေနဲ့လည်း အဆိုပါပွဲစဉ်မှာ ပါဝင်ကစားနိုင်ဖွယ်ရှိနေပါတယ်၊။