သူက ကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူမဟုတ်ဘူးလို့ နှိမ့်ချပြောကြားလာတဲ့ ကိုင်စီဒို
ချဲလ်ဆီးကွင်းလယ်လူကိုင်စီဒိုက သူဟာ ကမ္ဘာ့အကောင်းဆုံးကွင်းလယ်ခံစစ်ကစားသမားမဟုတ်ကြောင်း နှိမ့်ချပြောကြားလာခဲ့ပြီး သူ့ရဲ့ကစားဟန်ကို သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ ထပ်မံပေါင်းထည့်သွားမယ်လို့ဆိုပါတယ်။ အသက်-၂၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ အီကွေဒေါလက်ရွေးစင်ဟာ ချဲလ်ဆီးနည်းပြ အန်ဇိုမာရက်စ်ကာရဲ့ အဓိကအားထားရတဲ့ကွင်းလယ်လူဖြစ်ပြီး ဒီရာသီပရီးမီးယားလိဂ် ၁၂ ပွဲမှာ ၁၁ ပွဲအထိပါဝင်ကစားထားတာလည်းဖြစ်ပါတယ်။
လက်ရှိရာသီမှာ ကိုင်စီဒိုဟာ ချဲလ်ဆီးအတွက် ၄ ဂိုးသွင်းပြီး ဂိုးဖန်တီးမှု ၂ ကြိမ်ပြုလုပ်ထားပေမယ့် သူ့ရဲ့အကောင်းဆုံးရာသီကိုပုံဖော်နိုင်ဖို့ သွင်းဂိုးနဲ့ ဖန်တီးမှုတွေဆက်လက်ပြုလုပ်သွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ ဒေးလီးမေးလ်သတင်းစာနဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ကိုယ်သူကမ္ဘာ့အကောင်းဆုံးကွင်းလယ်လူလို့ သတ်မှတ်ထားသလားလို့မေးမြန်းခဲ့ရာ ကိုင်စီဒိုက "မသတ်မှတ်ထားပါဘူး။ ကျွန်တော့်ထက်ပိုကောင်းတဲ့သူတွေအများကြီးရှိပါတယ်။ ကျွန်တော်ကအကောင်းဆုံးပါလို့ ကမ္ဘာကိုမပြောချင်ပါဘူး။ လောလောဆယ်မှာတော့ ကျွန်တော်က ကျွန်တော့်ရဲ့အကောင်းဆုံးပုံစံမှာရှိနေပါတယ်။ ဒါပေမယ့် ကမ္ဘာ့အကောင်းဆုံးတော့မဟုတ်ဘူး"
"ကွင်းလယ်ခံစစ်နေရာမှာ အရမ်းကောင်းတဲ့ကစားသမားတွေအများကြီးရှိပါတယ်။ ကျွန်တော်ကလည်း ဒီနေရာမှာအကောင်းဆုံးလုပ်ဆောင်နေပါတယ်။ ဒါပေမယ့် ကျွန်တော့်မှာလိုအပ်ချက်တွေရှိနေသေးပြီး ပိုလုပ်ပြဖို့လိုအပ်နေတာတွေလည်းရှိပါသေးတယ်။ကျွန်တော် သွင်းဂိုးတွေ၊ ဂိုးဖန်တီးမှုတွေနဲ့ပတ်သက်ပြီး ဒီထက်ပိုလုပ်နိုင်တယ်လို့ထင်ပါတယ်။ ကျွန်တော့်အနေနဲ့ နောက်ခံလူတွေကို ကူညီရတဲ့နေရာမှာ ကစားရတာသိပေမယ့် တိုက်စစ်ကိုလည်းလိုက်ပါနိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။