The network connection is lost.

Banner Image

အီဒူ အာဆင်နယ်ကနေ ထွက်ခွာသွားခြင်းက ဇန်နဝါရီအပြောင်းအရွှေ့ အစီအစဉ်တွေကို ထိခိုက်စေမှာမဟုတ်ဘူးလို့ အာတီတာဆို

မီကယ်အာတီတာက အားကစားဒါရိုက်တာ အီဒူ ရုတ်တရတ် နှုတ်ထွက်သွားမှုက အာဆင်နယ်ရဲ့ ဇန်နဝါရီအပြောင်းအရွှေ့အစီအစဉ်တွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ အီဒူဟာ အာဆင်နယ်မှာ ၅နှစ်ကြာ အလုပ်လုပ်ပေးခဲ့ပြီးနောက် နိုဝင်ဘာလက နှုတ်ထွက်သွားခဲ့ပြီး နော်တင်ဟမ်ဖောရက်စ်အသင်းထံ ပြောင်းရွှေ့သွားခဲ့ပါတယ်။

အဆိုပါသတင်းက အာဆင်နယ် လေ့ကျင့်ရေးကွင်းမှ ဝန်ထမ်းအများစုကို အံ့အားသင့်သွားစေခဲ့ပြီး အုပ်ချုပ်သူ ရစ်ချက်ဂါးလစ်က အားကစားဒါရိုက်တာနေရာအတွက် အစားထိုးမယ့်သူကို ရှာဖွေနေခဲ့ပါတယ်။ အားကစားဒါရိုက်တာသစ် ရှာဖွေနေချိန်မှာ အီဒူရဲ့လက်ထောက်ဖြစ်သူ ဂျေဆင်အိုင်တိုက အားကစားဒါရိုက်တာအဖြစ် ယာယီတာဝန်ယူထားခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အားကစားဒါရိုက်တာနေရာအတွက် ယူနိုက်တက်ကနေ ထွက်ခွာလာတဲ့ ဒန်အက်ရှ်ဝို့တ်၊ ဆိုစီဒက်ကနေ ရာသီကုန်မှာ ထွက်ခွာတော့မယ့် ရောဘတ်တိုအိုလာဘီတို့ကို ပစ်မှတ်ထားနေပါတယ်။ အာတီတာက "ဂျေဆင်အိုင်တိုက ကျွန်တော်တို့အတွက် အားကစားဒါရိုက်တာအဖြစ် ယာယီတာဝန်ယူပေးထားပါတယ်။ သူ့ကို အသင်းက လက်ရှိမှာ အစွမ်းကုန်ထောက်ခံပေးထားပါတယ်။ သူလည်း အသင်းနဲ့ အကောင်းဆုံးလုပ်နေပါတယ်။

အစီစအဉ်တွေက ခင်ဗျားတို့သိတဲ့အတိုင်း ပွင့်လင်းမှုရှိပါတယ်။ ကျွန်တော်တို့အသင်းကို တိုးတက်လာမယ့်သူတိုင်းအတွက် အသင်းက ထောက်ခံမှုအပြည့်အဝပေးထားပါတယ်။ ကျွန်တော်က ဇန်နဝါရီအပြောင်းအရွှေ့တွေမှာ အလုပ်များလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပေမယ့် အခုတော့ ကျွန်တော်တို့ ဘယ်လိုအခြေအနေရောက်နေလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အံ့အားသင့်စရာတွေလည်း ဖြစ်လာနိုင်ပါတယ်။

ကျွန်တော်တို့ အဲ့ဒီအတွက် ပြင်ဆင်ထားပါတယ်။ အခွင့်အရေးအချို့လည်း ရှိလာနိုင်ပါတယ်။ အဲ့ဒါကိုတော့ ကျွန်တော်တို့ စောင့်ကြည့်ရပါမယ်။ လာမယ့်အပတ်တွေအတွင်းမှာတော့ ကစားသမားတွေ ပြန်လာနိုင်မလားစောင့်ကြည့်ရပါမယ်။"လို့ ပြောခဲ့ပါတယ်။

ESPNရဲ့ဖော်ပြချက်အရတော့ အာဆင်နယ်အသင်းဟာ ဒဏ်ရာပြဿနာတွေ ကြီးကြီးမားမား ထပ်မကြုံလာခဲ့ရင် ဇန်နဝါရီအပြောင်းအရွှေ့မှာ လှုပ်ရှားဖွယ်မရှိဘူးလို့ သိရပါတယ်။