
အပြောင်းအရွှေ့ဈေးကွက်မှာ အာဆင်နယ်အသင်း နိုးနိုးကြားကြားရှိနေပါတယ်လို့ ဆိုလိုက်တဲ့ အာတီတာ
လတ်တလောဒဏ်ရာပြဿနာတစ်ခုကြောင့် သီတင်းပတ်အနည်းငယ်ကြာ ဝမ်နရီ အနားယူသွားရဖို့ ရှိနေမှုနဲ့အတူ အခုဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်အတွင်း အာဆင်နယ်အသင်း အလွန်အင်မတန် နိုးနိုးကြားကြားရှိနေပါတယ်လို့ နည်းပြအာတီတာက ပြောပါတယ်။
အာဆင်နယ်အသင်းရဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်နှစ်ခုကို ဒဏ်ရာပြဿနာကြောင့် ဆာကာမပါဝင်နိုင်ချိန်မှာ ဝမ်နရီ ပါဝင်ကစားပေးခဲ့ပေမယ့် လွန်ခဲ့တဲ့စနေနေ့၊ ဘရိုက်တန်အသင်းကို ဂိုးသွင်းယူပြီးနောက် မကြာခင်မှာပဲ သူ့ကို လူစားလဲလှယ်ခဲ့ရပါတယ်။ယမန်နေ့(တနင်္လာနေ့)မှာတော့ အာတီတာက “ကံမကောင်းစွာနဲ့ဘဲ ဝမ်နရီက ကြွက်သားဒဏ်ရာတစ်ခု ရရှိခဲ့ပါတယ်။ သီတင်းပတ်အနည်းငယ်လောက်တော့ သူ အနားယူသွားရပါလိမ့်မယ်”လို့ အတည်ပြုခဲ့ပါတယ်။
စတာလင်လည်း ဒဏ်ရာပြဿနာကြောင့် မကစားနိုင်သလို အဖျားဝေဒနာခံစားနေရတဲ့ ကိုင်ဟားဗက်ဇ်လည်း နယူးကာဆယ်နဲ့ရင်ဆိုင်ရမယ့် အခုည၊ ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်ကို လွဲချော်သွားမလားဆိုတဲ့ သံသယတွေ ရှိနေပါတယ်။ အာဆင်နယ်အသင်းတိုက်စစ်ပိုင်းအတွက် ရွေးချယ်နိုင်စရာကစားသမား ရှားပါးနေပြီး အာတီတာကိုယ်တိုင်လည်း အခုအခြေအနေအတွက် ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်ကို အကူအညီတောင်းသွားဖို့အရေး မငြင်းဆန်တော့ပါဘူး။
အာဆင်နယ်နည်းပြက “ဈေးကွက်ထဲမှာ ဖြစ်နေတဲ့အရာတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့ အလွန်အင်မတန်နိုးနိုးကြားကြားရှိနေပါတယ်။ အခုထိတော့ သဘောတူညီမှုရရှိထားတာလည်း မရှိသလို သဘောတူညီမှုမရရှိတာမျိုးလည်း မရှိသေးပါဘူး။ ကျွန်တော်တို့အသင်းမှာ အလွန်မြင့်မားတဲ့စံနှုန်းမျိုးကို ချမှတ်ထားပြီး အကယ်ဒမီမှထွက်ပေါ်လာမယ့် ကစားသမားမျိုးပဲဖြစ်ဖြစ်၊ အသင်းကို အကျိုးသက်ရောက်မှုရှိစေမယ့် ကစားသမားမျိုးကို လက်မှတ်ရေးထိုးခေါ်ယူတာပဲဖြစ်ဖြစ် အမှန်တကယ် လုပ်သွားချင်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ ကျွန်တော်တို့အတွက် ဘာအကူအညီမှ မရရှိနိုင်ပါဘူး”လို့ ပြောပါတယ်။
အာဆင်နယ်အသင်းက ကာရာဘောင်ဖလားဆီမီးဖိုင်နယ်ပွဲစဉ်အတွက် အမ်းမရိတ်စ်ကွင်းဆီ နယူးကာဆယ်အသင်း ရောက်ရှိလာမယ့် အခုညပွဲစဉ်မှာ အီဆက်ခ်ရဲ့ခြေစွမ်းကို အနီးကပ်စောင့်ကြည့်သွားပါလိမ့်မယ်။ အီဆက်ခ်နဲ့ အာဆင်နယ်တို့အကြား အပြောင်းအရွှေ့သတင်း ခိုင်ခိုင်မာမာထွက်ပေါ်ခဲ့ဖူးပေမယ့် နယူကာဆယ်နည်းပြဟိုဝီကတော့ နောက်ဆုံးကစားခဲ့တဲ့လိဂ်ခုနစ်ပွဲမှာ ကိုးဂိုးအထိ သွင်းယူပေးထားတဲ့ ဆွီဒင်တိုက်စစ်မှူးကို လက်လွှတ်ပေးရမယ့်အကြောင်းတရားလုံးဝမရှိပါဘူးလို့ အတိအလင်းပြောကြားခဲ့ပါတယ်။
အီဆက်ခ်နဲ့ပတ်သက်လို့ အာတီတာက “ အီဆက်ခ်ဟာ ထိပ်တန်းကစားသမားတစ်ဦးဆိုတာ သေချာပါတယ်။ အခုအချိန်မှာလည်း ပုံစံကောင်းရရှိနေပါတယ်။ သူက ဂိုးတွေ အများကြီးသွင်းယူနေပါတယ်။ ပြိုင်ဘက်ရဲ့အင်အားကို လျှော့ချသွားနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားသွားရပါလိမ့်မယ်”လို့ ပြောပါတယ်။