
Gold Cup ဗိုလ်လုပွဲမှာ အမေရိကန်ကိုအနိုင်ယူပြီး ချန်ပီယံဖြစ်ခဲ့တဲ့ မက္ကဆီကို
တနင်္လာနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ ၂၀၂၅ Concacaf Gold Cup ဗိုလ်လုပွဲမှာ မက္ကဆီကိုဟာ အမေရိကန်ကို ၁-၂ နဲ့အနိုင်ယူပြီး ပြိုင်ပွဲရဲ့ ၂ ကြိမ်ဆက်ချန်ပီယံဖြစ်လာခဲ့ပါတယ်။ ယခုပွဲစဉ်မှာ အမေရိကန်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၄ မိနစ်မှာပဲ နောက်ခံလူ ခရစ် ရစ်ချတ်စ်က ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးနောက်ပိုင်းမှာ မက္ကဆီကိုက ချေပဂိုးအတွက် တရစပ်တိုက်စစ်ဆင်လာခဲ့ပြီး ပွဲကစားချိန် ၂၇ မိနစ်မှာတော့ တိုက်စစ်မှူး ရာအူးလ်ဂျင်မီနက်ဇ်ရဲ့ ဂိုးနဲ့ပြန်လည်ချေပနိုင်ခဲ့ပါတယ်။
၁-၁ နဲ့သရေကျပြီးနောက်မှာ နှစ်သင်းစလုံး အခွင့်အရေးတွေကိုယ်စီရရှိခဲ့ကြပေမယ့် ဂိုးသမားတွေရဲ့ လက်စွမ်းပြကာကွယ်မှုတွေကြောင့် ပထမပိုင်းမှာတော့ ဂိုးထပ်မံသွင်းယူနိုင်ခဲ့ခြင်းမရှိပါဘူး။ ဒုတိယပိုင်းမှာ မက္ကဆီကိုက ပိုကောင်းလာခဲ့ပြီး ဂိုးပေါက်ကန်သွင်းမှုတွေအကြိမ်ကြိမ်ထပ်မံပြုလုပ်နိုင်ခဲ့တာကြောင့် အမေရိကန်ခံစစ် အတော်လေးအလုပ်ရှုပ်ခဲ့ပါတယ်။
ပွဲကစားချိန် ၇၇ မိနစ်မှာ မက္ကဆီကိုက ဦးဆောင်ဂိုးရရှိခဲ့ပြီး ကွင်းလယ်လူ အက်ဒ်ဆန်အယ်လ်ဗာရက်ဇ်က နှစ်ချက်ဆင့်ခေါင်းတိုက်ချက်နဲ့သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ အယ်လ်ဗာရက်ဇ်အနေနဲ့ လူကျွံနေတယ်လို့ယူဆခဲ့တာကြောင့် ကွင်းလယ်ဒိုင်က VAR နဲ့ပြန်လည်စစ်ဆေးခဲ့ပေမယ့် လူကျွံနေခြင်းမရှိတာကြောင့် ဂိုးအဖြစ်သတ်မှတ်ပေးခဲ့ပါတယ်။
ဦးဆောင်ဂိုးခွင့်ပြုလိုက်ရပြီးနောက်မှ အမေရိကန်ဟာ ချေပဂိုးအတွက်တိုက်စစ်ဆင်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပေမယ့် မက္ကဆီကိုရဲ့ခံစစ်ကို မကျော်နိုင်ခဲ့တာကြောင့် ၁-၂ နဲ့အရေးနိမ့်ပြီး ဆုဖလားကိုလက်လွှတ်ခဲ့ရတာဖြစ်ပါတယ်။ ၂၀၂၃ ခုနှစ်မတိုင်မီ၂၀၁၁ ခုနှစ်မှာ Gold Cup ကိုနောက်ဆုံးအကြိမ်ဆွတ်ခူးထားခဲ့တဲ့ မက္ကဆီကိုအနေနဲ့ ယခုအခါမှာတော့ ပြိုင်ပွဲမှာ ၂ ကြိမ်ဆက်တိုက်ဗိုလ်စွဲနိုင်ခဲ့တာလည်းဖြစ်ပါတယ်။