ဖျားနာနေတာကြောင့် အသင်းရဲ့ခရစ္စမတ်စားသောက်ပွဲကို ဘာပေလွဲချော်
ရီးရဲလ်တိုက်စစ်မှူး ဘာပေတစ်ယောက် ဖျားနာနေတာကြောင့် အသင်းရဲ့ခရစ္စမတ်စားသောက်ပွဲကို လွဲချော်ခဲ့တယ်လို့ သိရပါတယ်။ အသင်းရဲ့ပါတီဓာတ်ပုံမှာ ဘယ်လင်ဟမ် ၊ ဗင်နီ ၊ မိုဒရစ်အပြင် အမျိုးသမီးအသင်းစတား ဝီယာတို့ကို မြင်တွေ့ခဲ့ရသလို အသင်းဥက္ကဌ ပီရက်ဇ်လည်း ပါဝင်ခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့် ဘာပေကတော့ အဆိုပါပွဲမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိတာကို မြင်တွေ့ခဲ့ရပါတယ်။ မက်ဒရစ်အသင်းဟာ နှစ်အတော်ကြာလိပ်ခဲတည်းလည်းဖြစ်နေခဲ့တဲ့ ဘာပေအပြောင်းအရွှေ့ကို အဆုံးသတ်နိုင်ခဲ့ပြီးနောက် သတင်းစာခေါင်းကြီးပိုင်းတွေမှာ နေရာယူနိုင်ခဲ့ပါတယ်။
ပြင်သစ်စတားဟာ မက်ဒရစ်မြေမှာ ရုန်းကန်နေရပြီး အသင်းအတွက် ၁၅ ပွဲမှာ ၉ ဂိုးသာသွင်းယူထားနိုင်ခဲ့ပါတယ်။ နောက်ဆက်တွဲသတင်းတွေအရ ဘာပေဟာ အသင်းရဲ့စားသောက်ပွဲကို ဖျားနေတာကြောင့် လွဲချော်ခဲ့တာလို့ သိရပါတယ်။ မက်ဒရစ်ရဲ့ခရစ္စမတ်အကြိုစားသောက်ပွဲကို စီနီယာအမျိုးသားအသင်းစတားတွေအပြင် အမျိုးသမီးစတားတွေပါ တက်ရောက်ခဲ့ပါတယ်။
စားသောက်ပွဲအပြီးမှာ အသင်းကစားသမားတွေဟာ Sanitas La Moraleija ဆေးရုံကို သွားရောက်လည်ပတ်ခဲ့တယ်လို့ သိရပါတယ်။ ရီးရဲလ်အသင်းဟာ ခရစ္စမတ်နားရက်မတိုင်ခင် ၃ ပွဲကန်ရမှာဖြစ်ပြီး စနေနေ့မှာ ဗယ်လက်ကာနိုနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဘာပေကတော့ လာမယ့်အင်တာကွန်တီနယ်ဖိုင်နယ်ပွဲမှာ ပါဝင်လာဖွယ်ရှိနေပြီး စနေနေ့ပွဲကိုတော့ လွဲချော်နိုင်ချေများနေပါတယ်။