လာလီဂါရဲ့လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမယ့်အရေးကနေ လွဲချော်ခဲ့တဲ့ ဘာပေ
သတင်းအသစ်တွေအရ ရီးရဲလ်စတားသစ် အမ်ဘာပေတစ်ယောက် လာလီဂါရဲ့လုပ်ခလစာအများဆုံး ဖြစ်လာမယ့်အရေးနဲ့ လွဲချော်ခဲ့တယ်လို့ သိရပါတယ်။
ဘာပေဟာ ပီအက်စ်ဂျီနဲ့စာချုပ်သက်တမ်း ကုန်ဆုံးခဲ့ပြီးနောက် ဇူလိုင်လ ၁ ရက်နေ့တုန်းက ရီးရဲလ်အသင်းထံ ၅ နှစ်စာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့မိတ်ဆက်ပွဲကို အခုလအစောပိုင်းတုန်းက လုပ်ဆောင်ခဲ့တာဖြစ်ပြီး ရော်နယ်ဒိုပြီးနောက် ဒုတိယမြောက်အကြီးမားဆုံးမိတ်ဆက်ပွဲဖြစ်လာခဲ့ပါတယ်။
ယူရို ၂၀၂၄ မှာ ပြင်သစ်အသင်းနဲ့အတူ သက်သေမပြနိုင်ခဲ့တဲ့ ဘာပေတစ်ယောက် မက်ဒရစ်မှာတော့ ခြေစွမ်းကောင်းတွေပြသနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဘာပေဟာ သြစတြီးယားနဲ့ပွဲဦးထွက်မှာပဲ နှာခေါင်းရိုးကျိုးခဲ့ပြီး အကာအကွယ်ဝတ်ဆင်ပြီး ကစားခဲ့ရကာ အဲ့တာက သူ့ရဲ့စွမ်းဆောင်ရည်ကို ထိခိုက်စေခဲ့တာဖြစ်ပါတယ်။
အေအက်စ်သတင်းဌာနရဲ့အဆိုအရ ရီးရဲလ်အသင်းဆေးအဖွဲ့ဟာ ဘာပေကို နှာခေါင်းရိုးကျိုးတဲ့အနေအထားမှာ အနားပေးဖို့ ပြင်ဆင်နေပြီး အမေရိကမြေခြေစမ်းပွဲမှာ ပါဝင်ဖွယ်မရှိဘူးလို့ ဆိုပါတယ်။ သတင်းတွေအရ ရီးရဲလ်အသင်းရဲ့ဘာပေကိုကမ်းလှမ်းတဲ့စာချုပ်ဟာ ကမ္ဘာပေါ်မှာ လုပ်ခလစာအများဆုံးဖြစ်လာနိုင်ပေမယ့် လာလီဂါရဲ့လုပ်ခလစာအများဆုံး ကစားသမားတော့မဖြစ်လာဘူးလို့ သိရပါတယ်။
ဘာပေဟာ ရီးရဲလ်အသင်းမှာ တစ်ရာသီကို ပေါင် ၂၆.၃ သန်းအထိ ရရှိမှာဖြစ်ပြီး အဆိုပါလစာအနေအထားဟာ လာလီဂါရဲ့တတိယမြောက်လုပ်ခလစာအများဆုံး ကစားသမားဖြစ်လာမှာဖြစ်ပါတယ်။ လက်ရှိလာလီဂါရဲ့လုပ်ခလစာအများဆုံး ကစားသမားအဖြစ် ဒီဂျောင်က တစ်နှစ်ကိုပေါင် ၃၁.၆ သန်းအထိ ရရှိနေပါတယ်။
အဆိုပါလုပ်ခလစာကို ယူနိုက်တက်ထံ ပြောင်းရွှေ့ခဲ့မယ်ဆိုရင် လျော့ယူရမှာဖြစ်ပြီး ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့တွေတုန်းက ဒီဂျောင်ကို တန်ဟက်က ချိတ်ဆက်ခဲ့သေးတာဖြစ်ပါတယ်။ ဒုတိယမြောက်လာလီဂါရဲ့လုပ်ခလစာအများဆုံး ကစားသမားအဖြစ် လီဝန်ဒေါစကီးက ပေါင် ၂၈.၂ သန်းအထိ ရရှိနေပါတယ်။
ဘာပေရဲ့အသင်းဖော် အလာဘာကတော့ တစ်ရာသီကို ပေါင် ၁၉ သန်းအထိ ရရှိနေပြီး အဆင့် ၄ နေရာမှာ ရပ်တည်နေပါတယ်။ ဘာပေနဲ့ အလာဘာတို့ဟာ ရီးရဲလ်အသင်းထံ အလွတ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အလာဘာက ၂၀၂၂ တုန်းက ဘိုင်ယန်ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။