The network connection is lost.

Banner Image

ရော်နယ်ဒိုရဲ့ ဂိုးဖန်တီးမှုကို ကမ္ဘာ့ဘောလုံးအကယ်ဒမီတိုင်းမှာပြသသင့်တယ်လို့ ဆိုလာတဲ့ မာတီနက်ဇ်

ပေါ်တူဂီလက်ရွေးစင်နည်းပြ ရော်ဘတ်တိုမာတီနက်ဇ်က တူရကီကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းဖော်ဘရူနိုဖာနန်ဒက်စ်အတွက် ဂိုးဖန်တီးမှုပြုလုပ်ခဲ့တဲ့ ခရစ္စတီယာနိုရော်နယ်ဒိုရဲ့လုပ်ရပ်ဟာ ချီးကျူးစရာဖြစ်တာကြောင့် ကမ္ဘာ့ဘောလုံးအကယ်ဒမီတိုင်းမှာ ပြသသင့်တယ်လို့ ပြောကြားလာခဲ့ပါတယ်။ ရော်နယ်ဒိုဟာ ယူရိုပြိုင်ပွဲတိုင်းမှာ ခြေစွမ်းပြကစားထားနိုင်သော်လည်း တစ်ကိုယ်ကောင်းဆန်မှုကြောင့် အကောင်းဆုံး ကစားသမားဆုကိုတော့ ဆွတ်ခူးနိုင်မှာမဟုတ်ဘူးလို့ ယူဆခံထားရသူဖြစ်ပါတယ်။

သို့သော်လည်း ဘော်လွန်းဒီအော် ၅ ဆုရှင်ဟာ တူရကီနဲ့ပွဲစဉ်မှာ ဂိုးသွင်းဖို့ အခွင့်အရေးကို ပြိုင်ဘက်ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့အနေအထားမှာ ရရှိခဲ့တာဖြစ်ပေမယ့် အသင်းဖော်ဘရူနိုဖာနန်ဒက်စ်ကိုသာ ဘောလုံးပေးပို့ခဲ့ပြီး သွင်းယူစေခဲ့တာဖြစ်ပါတယ်။ ဒီလို အသင်းဖော်ကို ဘောလုံးပေးပို့ခဲ့တဲ့ ဆုံးဖြတ်ချက်ကြောင့် ရော်နယ်ဒိုဟာ ယူရို ၂၀၂၄ မှာ သွင်းဂိုးရယူနိုင်မယ့် အကောင်းဆုံးအခွင့်အရေးကို လက်လွှတ်ခဲ့ရသော်လည်း တစ်ဖက်မှာတော့ ဖာနန်ဒက်စ်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက် အလွယ်ကူဆုံးသွင်းဂိုးကို ရရှိခဲ့တယ်လို့ဆိုရမှာဖြစ်ပါတယ်။ ဒါကြောင့် ပွဲအပြီးမှာတော့ အသင်းနည်းပြ မာတီနက်ဇ်က အခုလို ရော်နယ်ဒိုရဲ့တစ်ကိုယ်ကောင်းမဆန်တဲ့ လုပ်ရပ်ဟာ ချီးကျူးစရာဖြစ်ပြီး ကမ္ဘာ့ဘောလုံးအကယ်ဒမီတိုင်းမှာ ဒီလိုရှားပါးတဲ့အခိုက်အတန့်မျိုးကို ပြသသင့်တယ်လို့ အခိုင်အမာပြောကြားခဲ့ပါတယ်။

မာတီနက်ဇ်က “ခရစ္စတီယာနိုရော်နယ်ဒိုဆီကနေ အံ့မခန်းအရာတစ်ခုကို ကျွန်တော်တို့မြင်တွေ့ခဲ့ရပါတယ်။ သူ့အတွက် ဂိုးသွင်းဖို့ အကောင်းဆုံး အခွင့်အရေး ရခဲ့ပေမယ့် အသင်းဖော်အတွက်ပဲ ဖန်တီးပေးခဲ့တာပါ။ ဒါက ကမ္ဘာ့ဘောလုံးအကယ်ဒမီတိုင်းမှာပြသသင့်တဲ့ ပေါ်တူဂီဘောလုံးလောကရဲ့ ဖြူစင်တဲ့အခိုက်အတန့်ပါပဲ။ အသင်းတစ်သင်းက ဂိုးတွေသွင်းယူနိုင်တာထက် ပိုအရေးကြီးတယ်ဆိုတာ ပြသလိုက်သလိုပါပဲ”လို့ ပြောကြားခဲ့ပါတယ်။

ရော်နယ်ဒိုဟာ ယခုနှစ်ယူရိုပြိုင်ပွဲမှာ ဂိုးပေါက်ကန်သွင်းချက် ၉ ကြိမ်အထိရှိတာကြောင့် ဂိုးပေါက်ကန်သွင်းမှု အများဆုံးကစားသမားဖြစ်နေပေမယ့် ဂိုးသွင်းယူနိုင်ခြင်းတော့ မရှိသေးပါဘူး။ မန်ချက်စတာယူနိုက်တက်နဲ့ ရီးရဲလ်မက်ဒရစ်ကစားဟောင်းအနေနဲ့ သူ့ရဲ့ဒုတိယမြောက်ယူရိုဖလားကို ဆွတ်ခူးနိုင်ဖို့ စိတ်အားထက်သန်နေတဲ့အပြင် ဒီပြိုင်ပွဲဟာ သူ့ရဲ့နိုင်ငံတကာကစားသမားဘဝ နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်သွားနိုင်တာကြောင့် နောက်ဆုံးပိတ်အိတ်နဲ့လွယ်ဖို့ကြိုးစားနေတာဖြစ်ပါတယ်။

လာမယ့်ဇွန်လ ၂၆ ရက်နေ့မှာတော့ ပေါ်တူဂီဟာ အုပ်စုအဆင့် နောက်ဆုံးပွဲစဉ်အဖြစ် ဂျော်ဂျီယာနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ရော်နယ်ဒိုအနေနဲ့ ပွဲထွက်ကစားသမားအဖြစ် ထပ်မံပါဝင်လာဦးမလား စောင့်ကြည့်သွားရမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ မာတီနက်ဇ်ရဲ့အသင်းဟာ နိုင်ပွဲ ၂ ပွဲရယူထားနိုင်တာကြောင့် ရှုံးထွက် ၁၆ သင်းအဆင့်ကို တက်ရောက်ထားပြီးဖြစ်ပါတယ်။