ချန်ပီယံဆုအနံ့မရသေးကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာ အခိုင်အမာဆို
ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာမှာ ရပ်တည်နေပေမယ့် မိမိတို့အနေနဲ့ ချန်ပီယံဆုအနံ့မရသေးကြောင်း ချဲလ်ဆီးနည်းပြ မာရက်စ်ကာက အခိုင်အမာပြောကြားလိုက်ပါတယ်။
ချဲလ်ဆီးဟာ တနင်္ဂနွေနေ့မှာကန်မယ့် ဘရန့်ဖို့ဒ်နဲ့ပွဲမတိုင်ခင် လိဂ်ပွဲ ၇ ပွဲအထိ ရှုံးပွဲမရှိသေးပဲ ထိပ်ဆုံးနေရာက လီဗာပူးအသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေပါတယ်။
မာရက်စ်ကာရဲ့အသင်းဟာ ဗီလာ ၊ ဆောက်သမ်တန် ၊ တော့တင်ဟမ်တို့ကိုအနိုင်ရပြီးနောက် ၁၂ ဂိုးအထိသွင်းယူထားနိုင်ခဲ့သလို လီဗာပူးအသင်းကို အနီးကပ်ဆုံးဖိအားပေးနေတာဖြစ်ပါတယ်။
ဒါပေမယ့် အီတလီသားက မိမိတို့အနေနဲ့ ချန်ပီယံဆုနဲ့အလှမ်းဝေးနေသေးကြောင်း အခိုင်အမာပြောကြားခဲ့ပါတယ်။
“ကျွန်တော်တို့ ချန်ပီယံဆုနဲ့မနီးစပ်သေးပါဘူး။ ခင်ဗျားအဲ့တာကို ခံစားနိုင်ပါတယ်။ ဖြစ်နိုင်တာက ကျွန်တော်တို့အဆင်သင့်မဖြစ်သေးတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ လက်ရှိအနေအထားမှာ အဲ့အနံ့ကိုမရသေးပါဘူး။
မကြာခင်မှာတော့ ဖြစ်လာနိုင်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော် ကိုယ့်ကိုကိုယ် နဲ့ ကစားသမားတွေကို တွန်းအားပေးရတာကို ကြိုက်ပါတယ်။ ကျွန်တော်တို့ တစ်စုံတစ်ခုအတွက် တစ်နေ့ချင်းသွားရပါမယ်။
၂ ရက် ၊ ၃ ရက် ၊ ၁ လ ၊ ၂ လလောက်ကြိုတွေးနေရင် အဲ့တာက ဆိုးဝါးလာနိုင်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။
ချဲလ်ဆီးဟာ ဒီရာသီပရီးမီးယားလိဂ်မှာ ၃၅ ဂိူးထိသွင်းယူနိုင်ထားနိုင်ခဲ့ပြီး ဂိုးသွင်းအများဆုံးအသင်းအဖြစ် ရပ်တည်နေကာ နောက်ဆုံး ၃ ပွဲမှာ ၃ ဂိုးနှုန်းအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
ဒါ့အပြင် ချဲလ်ဆီးအသင်းစတား ဆန်ချိုက ၂၀၂၁ ဖေဖော်ဝါရီနောက်ပိုင်း ပထမဆုံးအကြိမ် လိဂ်ပွဲ ၃ ပွဲဆက်ဂိုးသွင်းနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။ ဆန်ချိုဟာ ယူနိုက်တက်ကနေ အငှားလာကစားနေတာဖြစ်ပြီး မာရက်စ်ကာလက်အောက်မှာ ခြေစွမ်းကောင်းတွေပြသနေတာဖြစ်ပါတယ်။
“ဂျေဒန်က အဆုံးသတ်ပိုင်းလိုအပ်ချက်ရှိနေတာပါ။ ဘာလို့လဲဆိုတော့ သူပွဲအများကြီးကန်ထားပေမယ့် ၁ ဦးချင်းရင်ဆိုင်ရာမှာ သူ့အနေနဲ့ အမြဲတမ်းဖန်တီးဖို့ပဲ ကြည့်နေခဲ့ပါတယ်။
အဲ့တာက ကောင်းတဲ့အရာဖြစ်ပေမယ့် တစ်ခါတလေမှာ နေရာကောင်းဖြစ်နေတယ်ဆိုရင် ဖန်တီးပေးတာထက် ကိုယ်တိုင်ဂိုးသွင်းတာက ပိုကောင်းပါတယ်။ သူ့အနေနဲ့ ဂိုးသွင်းဖို့ အနည်းငယ်ရုန်းကန်နေရတာဖြစ်နိုင်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။