The network connection is lost.

Banner Image

ယူနိုက်တက်ကနေ ဘာကြောင့်ထွက်ခွာခဲ့သလဲဆိုတာ ရှင်းပြလာတဲ့ ရက်ရှ်ဖို့ဒ်

ယခုနွေရာသီအတွင်း မန်ချက်စတာယူနိုက်တက်မှ ထွက်ခွာပြီး ဘာစီလိုနာသို့ တစ်ရာသီအငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တောင်ပံကစားသမား မားကပ်စ်ရက်ရှ်ဖို့ဒ်က သူ့အနေနဲ့ အိုးလ်ထရက်ဖို့ဒ်ကိုဘာကြောင့် စွန့်ခွာခဲ့သလဲဆိုတာ ရှင်းပြလာခဲ့ပါတယ်။

ရက်ရှ်ဖို့ဒ်ဟာ လက်ရှိယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်ရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးမဖြစ်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီမှာကတည်း ပွဲထွက်ကစားခွင့်မရခဲ့ဘဲ တောက်လျှောက်ချန်လှပ်ခံထားခဲ့ရတာဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလန်လက်ရွေးစင်ဟာ ၂၀၂၄-၂၅ ရာသီဝက်မှာ ယူနိုက်တက်မှထွက်ခွာပြီး အက်စတွန်ဗီလာသို့ အငှားစာချုပ်နဲ့ ပြောင်းရွှေ့ကစားခဲ့ပါတယ်။ 

၂၀၂၄-၂၅ ရာသီအကုန်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်သို့ပြန်လည်ရောက်ရှိလာခဲ့ပေမယ့် ယခုအခါမှာ ဘာစီလိုနာသို့ တဖန်ပြန်လည်ထွက်ခွာသွားခဲ့ပြီး အပြီးသတ်ဝယ်ယူခွင့်ပါ တစ်ရာသီအငှားစာချုပ်နဲ့ လမ်းခွဲခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်သားအနေနဲ့ ဘာစီလိုနာမှာ ရောဘတ်လီဝန်ဒေါစကီး၊ လာမိုင်းယာမယ်လ်၊ ရာဖင်ဟာ၊ ဖာရန်းတောရက်စ်တို့နဲ့ နေရာအတွက်တိုက်ပွဲဝင်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ယူဆရပါတယ်။ 

ယခုအခါမှာ ယူနိုက်တက်နဲ့ဘာကြောင့်လမ်းခွဲခဲ့သလဲဆိုတာကို ရက်ရှ်ဖို့ဒ်က "ကျွန်တော့်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြန်ရဖို့ ပျော်ပျော်ရွှင်ရွှင်ကစားနိုင်ဖို့လိုပါတယ်။ ဘောလုံးက ကျွန်တော့်ရဲ့ဘဝပါပဲ။ ကျွန်တော် ဟိုးငယ်ငယ်ကတည်းက ဘောလုံးက ကျွန်တော့်ရဲ့ဘဝဆိုတာကို သိခဲ့ရပါတယ်။ ကျန်တာကျွန်တော်ဘာမှမသိချင်ပါဘူး"

"ကျွန်တော့်အနေနဲ့ ယူနိုက်တက်နဲ့လမ်းခွဲဖြစ်မယ်လို့လည်း မထင်ခဲ့ပါဘူး။ ဒါပေမယ့် အခုတော့ ထွက်ခွာခဲ့ရပါပြီ။ ဘောလုံးကစားတဲ့အခါမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ကစားနိုင်ဖို့လိုအပ်လို့ အခုလိုဆုံးဖြတ်ခဲ့တာပါ။ ကျွန်တော် ဒီကိုစရောက်ကတည်းက သက်တောင့်သက်သာဖြစ်တယ်လို့ ခံစားခဲ့ရပါတယ်။ ကွင်းထဲမှာလည်း တစ်ပွဲထက်တစ်ပွဲပိုပြီးတော့ သင်ယူလာနိုင်ပါတယ်။ ဘောလုံးပွဲတွေပိုများလာလေလေ ကျွန်တော့်ရ့သင်ယူမှုကလည်း တိုးတက်လာလေပါပဲ။ ဘာစီလိုနာက ဘောလုံးကစားဖို့အကောင်းနေရာပါ" လို့ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပဲ ရက်ရှ်ဖို့ဒ်က အသင်းဖော်သစ် လာမိုင်းယာမယ်လ်ဟာ တစ်ချိန်ချိန်မှာ ဘောလွန်းဒီအော်ဆုကို ဆွတ်ခူးနိုင်မယ်လို့ အခိုင်အမာယုံကြည်ကြောင်း ပြောကြားလာခဲ့ပါတယ်။ အင်္ဂလန်သားက "ဒီနှစ်မှာ သူ ဘောလွန်းဒီအော်ဆုရမယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီနှစ်မှာမရရင်လည်း အနာဂတ်မှာရဖို့ သေချာပါတယ်။ ဒမ်ဘီလီနဲ့ ရာဖင်ဟာတို့ကလည်း ဒီဆုနဲ့ထိုက်တန်ပါတယ်။ သူတို့ကြားမှာ ဘယ်သူရမယ်ဆိုတာ ရွေးချယ်ဖို့ ခက်ခဲပါတယ်။ သူတို့အားလုံးက ရင့်ကျင်တည်ငြိမ်ပြီး အရမ်းကောင်းတဲ့ကစားသမားတွေပါ။ ယာမယ်လ်ကအခုမှ ငယ်ငယ်လေးရှိပါသေးတယ်။ ဒီဆုကို တစ်ချိန်ချိန်ရမယ်ဆိုတာသေချာပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ရက်ရှ်ဖို့ဒ်ဟာ ဘာစီလိုနာကစားသမားဘဝပွဲဦးထွက်ကို ပြီးခဲ့တဲ့တနင်္ဂနွေနေ့က မာယော့ကာနဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် စတင်ပါဝင်ခွင့်ရခဲ့ပါတယ်။ ယူနိုက်တက်ကြယ်ပွင့်ဟောင်းအနေနဲ့ လာမယ့်စနေနေ့ လီဗန်တေးနဲ့ပွဲမှာလည်း ဆက်လက်ပါဝင်ကစားခွင့်ရဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။