ဖိနပ်အစုတ်စီးခဲ့ရတဲ့ ဘဝကနေ စာသင်ကျောင်းတွေဆောက်လှူနေတဲ့ဘဝ ရောက်လာခဲ့တဲ့ မာနေးရဲ့ ဘဝခရီး
ဆာဒီယိုမာနေးအနေနဲ့ ဆီနီဂေါအသင်းနဲ့အတူ အာဖရိက ဖလားကို ရယူနိုင်ခဲ့ပြီး ကစားသမားဘဝမှတ်တိုင်သစ်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ အသင်းဖော် ဆာလက်ရဲ့ နိုင်ငံ အီဂျစ်နဲ့ ဗိုလ်လုပွဲ ကစားခဲ့ရတဲ့ မာနေးဟာ ပင်နယ်တီအဆုံးအဖြတ်ဂိုးကို ကန်သွင်းပြီး နိုင်ငံအသင်းအတွက် ဖလားယူပေးခဲ့ပါတယ်။
တနင်္လာနေ့ မနက်က ဆုဖလားနဲ့အတူ အိပ်ရာထဲက ဓာတ်ပုံကို မာနေးက အင်စတာဂရမ်မှာ တင်ခဲ့ပြီး သူ့ရဲ့ ပျော်ရွှင်မှုကို မျှဝေခဲ့ပါတယ်။ မာနေးဟာ အောင်မြင်တဲ့ကစားသမားဘဝကို ရလာတဲ့ အခါမှာလဲ ဘဝမမေ့ခဲ့ပဲ သူ့ရဲ့ ဇာတိမြို့ ဘမ်ဘာလီ အတွက် စာသင်ကျောင်းတွေ ဆေးရုံတွေ ဆောက်လုပ်လှူဒါန်းနေပါတယ်။
"ကျွန်တော် ဖရာရီ ကားနှစ်စီး ၊ စိန်အလုံးနှစ်ဆယ်ပါတဲ့ နာရီ ၊ လေယာဉ် နှစ်စီး ဘာကြောင့် လိုမလဲ? ဒီပစ္စည်းတွေက ကျွန်တော်အတွက် ကမ္ဘာမြေအတွက် ဘာများလုပ်ပေးနိုင်မှာ မို့လို့လဲ"လို့ မာနေးက ၂၀၁၉ တုန်းက အင်တာဗျူးမှာပြောခဲ့ပါတယ်။
"ကျွန်တော် အစားစားဖို့အတွက် မရှိလို့ ဗိုက်ဆာခဲ့ရတယ်။ လယ်ထဲမှာ အလုပ်လုပ်ခဲ့ရတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကျော်ဖြတ်ခဲ့ရတယ် ။ ခြေဗြောင်နဲ့ ဘောလုံးကစားခဲ့ရတယ်။ ကျွန်တော် ပညာလဲ မသင်ခဲ့ရဘူး။ အခြားအရာတွေရောပဲ။ ခုချိန်မှာတော့ ဘောလုံးကို ကျွန်တော်ကျေးဇူးတင်ရပါမယ်။ အခု ကျွန်တော် လူတွေကို ကူညီနိုင်နေပါပြီ။ ကျွန်တော် စာသင်ကျောင်းတွေ ဆောက်တယ်၊ ကွင်းတွေ ဆောက်တယ် ၊ ဆင်းရဲတဲ့ လူတွေကို အစားအစာတွေ ၊ ဖိနပ်တွေ အဝတ်အစားတွေပေးတယ်။ နောက်ထပ် ဆီနီဂေါမှာရှိတဲ့ အရမ်းဆင်းရဲတဲ့ မိသားစုတွေကို ထောက်ပံ့ကြေးအဖြစ် လတစ်လကို ယူရို ၇၀ ပံ့ပိုးပေးတယ်။ ကျွန်တော်မှာ ဇိမ်ခံ အိမ် ၊ ဇိမ်ခံကားတွေ မလိုပါဘူး။ အပျော်ခရီးတွေ လေယာဉ်တွေလဲ မလိုပါဘူး။ ကျွန်တော့်အတွက် ကျွန်တော်တိုင်းပြည်ကလူတွေကို ပေးနိုင်ဖို့သာ ပိုအလိုရှိပါတယ်"
မာနေးက ယခုအချိန်မှာနည်းပြ ကလော့လက်ထက်မှာ အောင်မြင်တဲ့ ကစားသမားတစ်ယောက် ဖြစ်လာခဲ့ပေမယ့် ဆယ်ကျော်သက်အရွယ်ကတော့ ဒါကာမြို့က ဘောလုံးအကယ်ဒမီ ကိုသွားရောက်ဖို့ သူ့ဦးလေးနဲ့ မိုင် ၅၀၀ ခရီးနှင်ခဲ့ရပါတယ်။ မာနေးဟာ ဘောလုံးအကယ်ဒမီမှာ လူရွေးခံရဖို့ စောင့်နေရစဉ် သူ့ရဲ့ အဝတ်အစားကြောင့် အထင်သေးခံခဲ့ရတာကိုလဲ ပြောခဲ့ပါတယ်။
"ကျွန်တော် ဒါကာကို လူရွေးခံဖို့ဦးလေးနဲ့ သွားခဲ့ပါတယ်။ ကျွန်တော်တို့ ဟိုရောက်တော့ လူရွေးခံဖို့ ကလေးတွေ အများကြီးပဲ။ ကျွန်တော် ဘယ်တော့မှ မေ့မှာ မဟုတ်ပါဘူး။ ခုထိလဲ ဟာသ ဖြစ်နေတုန်းပဲ ။အဲ့ဒီမှာ လူကြီးတစ်ယောက်က ကျွန်တော် လူရွေးခံဖို့ လာတယ် မထင်ပဲ နေရာမှားလာတယ်ပဲ ထင်နေတာ""သူက ကျွန်တော့်ကို မေးတယ် ဒီလူရွေးပွဲကို မင်းလာဖြေတာလား? ကျွန်တော်က ဟုတ်တယ်လို့ ဖြေတော့ ၊ ဒီဖိနပ်တွေနဲ့လား ၊ ဒီဖိနပ်တွေနဲ့ မင်းဘယ်လို ကစားတာလဲ? ဟုတ်တယ်ဗျ၊ ဖိနပ်တွေကလဲ စုတ်ပြီး ဟောင်းနေပြီ ။ ပြီးတော့ ဒီအဝတ်အစားတွေနဲ့လား ၊ ?မင်းမှာ ဘောလုံးကစားဖို့အတွက် သင့်တော်တဲ့ အဝတ်အစားတောင်မရှိဘူးလား? လို့ ပြောခဲ့တာဗျ"
"ကျွန်တော် သူ့ကို ပြန်ပြောခဲ့တာက ကျွန်တော်မှာရှိတဲ့ အကောင်းဆုံးဆိုတာနဲ့ ကျွန်တော် လာခဲ့တာပါ။ ကျွန်တော် ဘောလုံးကစားရဖို့က အဓိကပဲလို့ ပြောခဲ့တယ်။ ကွင်းထဲဝင် ဘောလုံးကစားတော့ သူအံ့ဩသွားတဲ့ မျက်နှာကို မြင်စေချင်တယ်ဗျာ""ပြီးလဲပြီးရော သူကျွန်တော့်ကို လာပြောတယ်။ ငါ မင်းကိုရွေးလိုက်ပြီ မင်းအသင်းမှာ ကစားရမယ်တဲ့ အဲ့ဒီကနေ ကျွန်တော် အကယ်ဒမီ ကစားသမားဖြစ်သွားတော့တာပါပဲ"
လို့ မာနေးက ပြောခဲ့ပါတယ်။
မာနေးဟာ Generation Foot အကယ်ဒမီကို တက်ရောက်ခဲ့ပြီး သူ့ရည်မှန်းချက်ပြည့်ဝဖို့ သူနဲ့ မသိတဲ့ မိသားစုနဲ့ အတူ နေထိုင်ခဲ့ရပါတယ်။ သူဟာ ၂၀၁၁ မှာ ပြင်သစ်ကလပ် မိန့် အသင်းမှာ စတင်ကစားခဲ့ပါတယ်။ ဒါအပြင် မာနေးရဲ့ အကယ်ဒမီကနေပဲ ထွက်ခဲ့တဲ့ အစ်မိုင်လာ ဆားဟာလဲ ဝက်ဖို့အသင်းကို ၂၀၁၉ ခုနှစ်က ရောက်ရှိခဲ့ပါတယ်။
လီဗာပူးနဲ့ ဝက်ဖို့ဒ် ကစားစဉ်မှာလဲ မာနေးဟာ ဝက်ဖို့အသင်းခေါင်းဆောင် ဒစ်နေးကို သူ့ညီကို ဂရုစိုက်ပေးဖို့ မှာခဲ့ပါတယ်။ မာနေးဟာ နိုင်ငံအသင်းမှာ အသင်းခေါင်းဆောင် မဟုတ်သော်လဲပဲ အသင်းအပေါ် ဦးဆောင်မှု အပြည့်အဝရှိခဲ့ပြီး နိုင်ငံအသင်းသမိုင်းမှာ မှတ်ကျောက်တင်ဖို့ ထိုက်တန်ခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။