The network connection is lost.

Banner Image

အမ်ဘာပေရဲ့ အပြောင်းအရွှေ့ကြောင့် ရီးရဲလ်မက်ဒရစ်ကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ပြင်ဆင်နေတဲ့မန်စီးတီး

မန်ချက်စတာစီးတီးဟာ ပီအက်စ်ဂျီကနေ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရီးရဲလ်မက်ဒရစ်သို့ ပြောင်းရွှေ့သွားမယ့် ကီလီယန်အမ်ဘာပေကြောင့် အသင်းကနေ ထွက်ခွာဖွယ်ရှိနေတဲ့ ရိုဒရီဂိုကို ခေါ်ယူဖို့ပစ်မှတ်ထားနေတယ်လို့ စပိန်သတင်းတွေကဖော်ပြလာခဲ့ပါတယ်။

မန်စီးတီးအနေနဲ့ ဘရာဇီးလက်ရွေးစင် ကစားသမားကို လာမယ့် နွေရာသီမှာပဲ ခေါ်ယူဖို့ ပြင်ဆင်သွားမှာဖြစ်ပေမယ့် ကစားသမားကတော့ ရီးရဲလ်မက်ဒရစ်မှာပဲ ဆက်လက်နေထိုင်လိုတယ်လို့ အခိုင်အမာပြောကြားထားပါတယ်။

အမ်ဘာပေ ရောက်ရှိလာပါက ရီးရဲလ်မက်ဒရစ်ကနေ ပြောင်းရွှေ့ဖွယ်ရှိသလားမေးမြန်းခဲ့ရာ ရိုဒရီဂိုက “ကျွန်တော်ကတော့ ဒီမှာ နှစ်တွေအကြာကြီးနေချင်ပါတယ်။ အသင်းက ကျွန်တော့်ကို အလိုရှိပြီး ကျွန်တော်ကလည်း ကိုယ့်ကိုယ်ကိုယ်အသင်းအတွက် အသုံးဝင်တယ်လို့ ထင်တဲ့အချိန်အထိ ဒီမှာဆက်ရှိချင်ပါတယ်။ တကယ်လို့ ကျွန်တော့်ကိုယ်ကျွန်တော် ဒီအသင်းမှာ အသုံးမဝင်တော့ဘူးလို့ ထင်တဲ့အချိန်ကျရင်တော့ အခြားနေရာတစ်ခုကို ပြောင်းရွှေ့သွားမှာပါ” လို့ ပြောကြားခဲ့ပါတယ်။

အသက်-၂၃ နှစ်အရွယ် တောင်ပံကစားသမားဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလကမှ ရီးရဲလ်မက်ဒရစ်နဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သက်တမ်းတိုးမြှင့်ထားတာဖြစ်ပါတယ်။ ဒါ့အပြင် ရိုဒရီဂိုဟာ နည်းပြကားလို့စ်အန်ဆယ်လော့တီရဲ့ လက်စွဲတော်ကစားသမားအဖြစ် ရပ်တည်ထားနိုင်ဆဲဖြစ်ပြီး ဒီရာသီမှာ ရီးရဲလ်မက်ဒရစ်အတွက် ပွဲ ၅၀ ကစားထားရာမှာ ၁၇ ဂိုး သွင်းယူပေးထားနိုင်ပါတယ်။

လာမယ့် ဇွန်လ ၁ ရက်နေ့မှာတော့ ရိုဒီရီဂိုနဲ့ ရီးရဲလ်မက်ဒရစ်တို့ဟာ ချန်ပီယံလိဂ်ဗိုလ်လုပွဲအဖြစ် ဒေါ့မွန်ကို ဝင်ဘာလေကွင်းမှာ သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဆုဖလားကို ၁၅ ကြိမ်မြောက် စံချိန်တင်ဆွတ်ခူးနိုင်ဖို့ အစွမ်းကုန်ကြိုးစားသွားရမှာဖြစ်ပါတယ်။ အဆိုပါချန်ပီယံလိဂ်ဗိုလ်လုပွဲ အပြီးမှာတော့ ရီးရဲလ်မက်ဒရစ်အနေနဲ့ အမ်ဘာပေရဲ့အပြောင်းအရွှေ့ကို အာရုံစိုက်လာဖွယ်ရှိတာကြောင့် ရိုဒရီဂိုရဲ့ အနာဂတ်ကိုလည်း ပီပီပြင်ပြင်မြင်တွေ့ရဖို့ အလားအလာရှိနေပါတယ်။