The network connection is lost.

Banner Image

မန်နေဂျာအလုပ်က ဝန်ကြီးချုပ်အလုပ်ထက် ပိုမိုခက်ခဲတယ်လို့ ပြောကြားလာတဲ့ ပိုစတီကိုဂလူ

တော့တင်ဟမ်နည်းပြ အန်ဂျီပိုစတီကိုဂလူက မန်နေဂျာအလုပ်ဟာ ကမ္ဘာပေါ်မှာ အခက်ခဲဆုံးအလုပ်ဖြစ်ကြောင်းနဲ့ ဝန်ကြီးချုပ်အလုပ်ထက်တောင် ပိုမိုခက်ခဲတယ်လို့ ပြောကြားလာခဲ့ပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့က ပရီးမီးယားလိဂ်ပွဲစဉ်မှာ အမှတ်ပေးဇယားအောက်ခြေက ဆောက်သမ်တန်ကို ၀-၅ ဂိုးပြတ်အနိုင်ရခဲ့ပေမယ့် ပိုစတီကိုဂလူက ဘောလုံးမန်နေဂျာတွေဟာ အပတ်တိုင်း ရွေးကောက်ပွဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ဆိုပါတယ်။ 

အဆိုပါပွဲစဉ်အပြီးမှာ တော့တင်ဟမ်ဟာ ဂိုးပြတ်နိုင်ပွဲကြောင့် အမှတ်ပေးဇယားရဲ့ အဆင့် ၁၀ နေရာသို့ တက်လှမ်းနိုင်ခဲ့ပေမယ့် တစ်ဖက်မှာ ဂိုးပြတ်ရှုံးခဲ့တဲ့ ဆောက်သမ်တန်ကတော့ အသင်းရဲ့နည်းပြ ရက်ဆဲလ်မာတင်ကို ရာထူးကနေထုတ်ပယ်ခဲ့ပါတယ်။  ဒါကြောင့် ပိုစတီကိုဂလူက “ဘဝရပ်တည်မှုအမျိုးမျိုးမှာ မန်နေဂျာအလုပ်က အခက်ခဲဆုံးအလုပ်ပါပဲ။ နိုင်ငံရေးအလုပ်က ခက်ခဲတယ်လို့ပြောနိုင်ပေမယ့် မန်နေဂျာအလုပ်က ပိုပြီးခက်ခဲပါတယ်။ အချို့နည်းပြတွေက အသင်းတွေမှာ ကာလရှည်နေထိုင်နိုင်ခဲ့ကြပေမယ့် အခက်အခဲတွေအများကြီးမကြုံတွေ့ဘဲနဲ့တော့ ဖြတ်ကျော်နိုင်ခဲ့ကြမှာမဟုတ်ပါဘူး” လို့ပြောကြားခဲ့ပါတယ်။ 

ဒီရာသီမှာ တော့တင်ဟမ်ဟာ တည်ငြိမ်တဲ့ခြေစွမ်းကို ထိန်းသိမ်းနိုင်ခြင်းမရှိတာကြောင့် ပရိသတ်တွေအနေနဲ့ နည်းပြ ပိုစတီကိုဂလူကို ဝေဖန်မှုတွေပြုလုပ်နေကြတာကို မြင်တွေ့ထားရပါတယ်။ မန်နေဂျာအလုပ်က ဝန်ကြီးချုပ်အလုပ်ထက် ပိုမိုခက်ခဲသလားလို့ မေးမြန်းခဲ့ရာမှာလည်း ဩစတြေးလျသားက “သေချာတာပေါ့။ ရွေးကောက်ပွဲက အချိန်အကြာကြီးနေမှတစ်ခါလုပ်ပေမယ့် မန်နေဂျာတွေကတော့ တစ်ပတ်တစ်ခါလောက် ရွေးကောက်ပွဲနဲ့ ကြုံတွေ့နေကြရပါတယ်”

“ကျွန်တော်တို့က အပတ်တိုင်းမှာ အလုပ်ကြိုးစားနေပေမယ့် ကျွန်တော့်ရဲ့နေရာမှာ အစားထိုးဖို့နည်းပြသစ်ရဲ့နာမည်က အမြဲတမ်းလိုလို ကြားနေရပါတယ်။ လူအဖွဲ့အစည်းမှာ ကျွန်တော်တို့ဟာ အမှိုက်လိုစွန့်ပစ်ခံရဖို့ အရမ်းကိုနီးစပ်တဲ့အလုပ်ကို လုပ်နေကြရတာပါ။ ဒါကိုကိုင်တွယ်နိုင်ဖို့ အကောင်းဆုံးနည်းလမ်းဆိုတာ မရှိပါဘူး” လို့ဖြေကြားခဲ့ပါတယ်။ 

၂၀၀၈ ခုနှစ်ကတည်းက ဆုဖလားအောင်မြင်မှုနဲ့ဝေးကွားနေခဲ့ရတဲ့ တော့တင်ဟမ်ဟာ သောကြာနေ့မနက်မှာတော့ ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်အဖြစ် မန်ချက်စတာယူနိုက်တက်ကို အိမ်ကွင်းမှာ ဧည့်ခံကစားသွားရမှာြဖစ်ပါတယ်။ 

ဆက်လက်ပြီး ပိုစတီကိုဂလူက “ကျွန်တော် ဒီအသင်းရဲ့ဖလားမိုးခေါင်မှုကို အဆုံးသတ်ပေးနိုင်မယ်ဆိုရင်တော့ ပရိသတ်တွေရဲ့ စိတ်ဓာတ်ပိုင်းကို ပြောင်းလဲသွားစေနိုင်မလား မပြောတတ်သေးပါဘူး။ ကျွန်တော့်တစ်ဦးတည်းအမြင်အရဆိုရင်တော့ အသင်းကို အခုထက်ပိုပြီး ဖြစ်ထွန်းစေချင်ပါတယ်။ ဒါက ဆုဖလားရတာ မရတာနဲ့ မဆိုင်ပါဘူး။ 

နှစ်စဉ်နှစ်တိုင်းမှာ ဆုဖလားတွေကိုစိန်ခေါ်နိုင်တဲ့အသင်းအဖြစ် ကာလရှည်ရပ်တည်ဖို့က ရာသီတစ်ခုတည်းမှာ ဆုဖလား ၁ လုံးကိုဆွတ်ခူးပြီး နောက်ရာသီတွေမှာ ကျရှုံးတာထက် ပိုကောင်းတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လိုအပ်နေတာ ဆုဖလားလည်းဖြစ်ကောင်းဖြစ်နေနိုင်ပါတယ်။ ကျွန်တော်လည်း သေချာမသိပါဘူး” လို့ပြောကြားခဲ့ပါတယ်။