The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားမရခဲ့ရင်တောင် အာမိုရင်နဲ့ဆက်သွားမယ့် ယူနိုက်တက်

ယူနိုက်တက်အသင်းဟာ  တကယ်လို့ယူရိုပါလိဂ်ဖိုင်နယ်မှာ တော့တင်ဟမ်ကိုအရေးနိမ့်ခဲ့မယ်ဆိုရင်တောင် နည်းပြ အာမိုရင်နဲ့ဆက်သွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ အခုရာသီမှာ ရလဒ်တွေဆိုးဝါးခဲ့ပြီး ၁၇ ပွဲအထိအရေးနိမ့်ခဲ့ကာ ၁၉၇၃ - ၇၄ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးအဆင့်ရပ်တည်မှုအဖြစ် အဆင့် ၁၆ နေရာမှာ ရပ်တည်ခဲ့ပါတယ်။

တန်ဟက်နေရာကို အာမိုရင်က ဆက်ခံခဲ့ပေမယ့် စွမ်းဆောင်ရည်ပိုင်းက မတက်လာပဲ အက်ဖ်အေ ၊ ကာရာဘောင်ဖလားတွေကနေပါ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ယူရိုပါလိဂ်မှာတော့ စွမ်းဆောင်ရည်ကောင်းတွေပြသထားနိုင်ခဲ့ပြီး လိုင်ယွန် ၊ ဘီလ်ဘာအိုတို့ကိုကျော်ဖြတ်ကာ ဖိုင်နယ်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ ဖိုင်နယ်မှာ တော့တင်ဟမ်နဲ့ရင်ဆိုင်ရမှာဖြစ်ပြီး သတင်းတွေအရ ယူနိုက်တက်တာဝန်ရှိသူတွေဟာ ဖိုင်နယ်မှာ ဘယ်လိုရလဒ်ထွက်ထွက် ပေါ်တူဂီသားနည်းပြနဲ့ ဆက်သွားဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။

ယူနိုက်တက်တာဝန်ရှိသူတွေက အခုအပြောင်းအရွှေ့မှာ အာမိုရင်ရဲ့နည်းစနစ်နဲ့ကိုက်ညီမယ့်ကစားသမားတွေခေါ်ယူပေးသွားမှာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကိုအရေးနိမ့်ပြီးနောက် အာမိုရင်က ဆာဂျင်မီထံ မက်ဆေ့ချ်ပေးပို့ခဲ့ပြီး “ကျွန်တော်တို့ နွေရာသီမှာ တကယ်ထိပ်တန်းအသင်းလူအင်အားလိုအပ်ပါတယ်။ကျွန်တော်တို့ ရဲရင့်ဖို့ လိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ ယူရိုပါလိဂ်ဖိုင်နယ်မတိုင်ခင် ယူနိုက်တက်ဟာ ချဲလ်ဆီး နဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။