The network connection is lost.

Banner Image

ဒီလပ်ကိုခေါ်ယူဖို့ အစ်ဆွစ်ချ်ကို ပေါင်သန်း ၃၀ ပေးချေသွားမယ့် ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ တိုက်စစ်မှူး လီယမ်ဒီလပ်ကိုခေါ်ယူဖို့အတွက် အစ်ဆွစ်ချ်နဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်ထားနိုင်ပြီး ယခုအခါမှာ ကစားသမားရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေတယ်လို့ သိရပါတယ်။ ယူနိုက်တက်ဟာ ဒီလပ်ရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင်သန်း ၃၀ ကို ပေးချေဖို့အဆင်သင့်ရှိနေပြီး ကစားသမားကသာ သဘောတူလိုက်ပါက မကြာမီမှာပဲ အိုးလ်ထရက်ဖို့ဒ်သို့ ခေါ်ယူတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် ရူဘင်အာမိုရင်ရဲ့အသင်းဟာ ဒီလပ်ရဲ့ ကိုယ်စားလှယ်တွေနဲ့လည်း သဘောတူညီမှု ရရှိထားပြီးဖြစ်တယ်လို့သိရပါတယ်။ 

ဒီလပ်ဟာ မန်ချက်စတာစီးတီးလူငယ်ကြယ်ပွင့်ဟောင်းဖြစ်ပြီး ချဲလ်ဆီးရဲ့ စိတ်ဝင်စားစောင့်ကြည့်မှုတွေကိုလည်း ရရှိထားသူဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၄-၂၅ ပရီးမီးယားလိဂ်ရာသီမှာ ဒီလပ်ဟာ အစ်ဆွစ်ချ်အတွက် စုစုပေါင်း ၃၆ ပွဲကစားပြီး ၁၂ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် အစ်ဆွစ်ချ်ကတော့ ချန်ပီယံရှစ်သို့ ပြန်လည်တန်းဆင်းသွားခဲ့ရပါတယ်။ 

သတင်းတွေအရ ယူနိုက်တက်ဟာ နွေရာသီအပြောင်းအရွှေ့တွေကို လျင်လျင်မြန်မြန်အပြီးသတ်နိုင်ဖို့ ကြိုးစားနေတယ်လို့သိရပါတယ်။ ယခုတစ်ပတ်အတွင်းမှာပဲ ယူနိုက်တက်ဟာ ဝုဗ်တောင်ပံကစားသမား မားသီးယက်စ်ကွန်ဟာကို ပေါင် ၆၂.၅ သန်းနဲ့ခေါ်ယူဖို့ သဘောတူညီမှုရထားပြီလို့ သတင်းတွေထွက်ပေါ်ထားခဲ့ပါတယ်။ 

ဒါ့အပြင် ယူနိုက်တက်ဟာ ဘရန့်ဖို့ဒ်တိုက်စစ်မှူး ဘရိုင်ယန်အမ်ဘွေမိုနဲ့ ခရစ္စတယ်ပဲလေ့စ်ကြယ်ပွင့် အီဇီတို့ကိုလည်း ပစ်မှတ်ထားစောင့်ကြည့်နေတာဖြစ်ပါတယ်။ လာမယ့်နွေရာသီအတွင်း အဲရစ်ဆင်၊ လင်ဒီလော့ဖ်နဲ့ အီဗန်စ်တို့က အိုးလ်ထရက်ဖို့ဒ်မှထွက်ခွာသွားမယ်လို့ အတည်ပြုထားသလို၊ အငှားချထားတဲ့ ဆန်ချို၊ အန်တိုနီနဲ့ ရက်ရှ်ဖို့ဒ်တို့ကလည်း အသင်းကနေ အပြီးသတ်ထွက်ခွာသွားဖို့အလားအလာရှိနေပါတယ်။ 

အက်စတွန်ဗီလာသို့အငှားချထားတဲ့ ရက်ရှ်ဖို့ဒ်အတွက် ယူနိုက်တက်ဟာ ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ လောက်အထိ ရရှိသွားဖွယ်ရှိပြီး၊ အင်္ဂလန်သားဟာ ဘာစီလိုနာသို့ ပြောင်းရွှေ့ဖို့ စိတ်အားထက်သန်နေပါတယ်။