The network connection is lost.

Banner Image

ဟွိုက်လန်းနေရာမှာ အိုဆီမင်နဲ့အစားထိုးဖို့ပြင်ဆင်နေတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လာမယ့်နွေရာသီအပြောင်းအရွှေ့မှာအသင်းရဲ့ ဂိုးသွင်းနိုင်ဖို့ရုန်းကန်နေရတဲ့ တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို နာပိုလီမှ ဂါလာတာစာရေးသို့ အငှားစာချုပ်နဲ့သွားရောက်ကစားနေတဲ့ တိုက်စစ်မှူး ဗစ်တာအိုဆီမင်နဲ့ လဲလှယ်အစားထိုးဖို့ ပြင်ဆင်နေတယ်လို့သိရပါတယ်။ 

ဂါလာတာစာရေးမှာ အငှားနဲ့ကစားနေတဲ့ အိုဆီမင်ဟာ ခြေစွမ်းကောင်းကို ဆက်လက်ထိန်းသိမ်းထားနိုင်ဆဲဖြစ်ပြီး ပြိုင်ပွဲစုံ ၂၇ ပွဲကစားထားရာမှာ ဂိုး ၂၀ အထိသွင်းယူပေးထားနိုင်ပါတယ်။ လာမယ့်နွေရာသီမှာ ကစားသမားဟာ တူရကီကလပ်နဲ့ အငှားစာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်လို့ နာပိုလီသို့ပြန်ရောက်လာမှာဖြစ်ပေမယ့် နာပိုလီဘက်က ကစားသမားကို အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ဆုံးဖြတ်ထားတယ်လို့သိရပါတယ်။ 

ယူနိုက်တက်အနေနဲ့ အိုဆီမင်ကို တိုက်ရိုက်ခေါ်ယူမယ်ဆိုရင် ကစားသမားရဲ့စာချုပ်ဖျက်သိမ်းကြေး ပေါင် ၆၂ သန်းကိုပေးချေသွားရမှာဖြစ်ပါတယ်။ သို့သော်လည်း အဆိုပါတန်ကြေးကို အပြည့်အဝပေးချေနိုင်ခြင်းမရှိတဲ့ ယူနိုက်တက်ဟာ အသင်းရဲ့တိုက်စစ်မှူး ဟွိုက်လန်းကို အလိုက်ပေးပြီး ပြောင်းရွှေ့ကြေးအနေနဲ့ နာပိုလီကို ပေါင် ၃၃ သန်းသာပေးချေဖို့ ရည်ရွယ်ထားတယ်လို့သိရပါတယ်။ 

နည်းပြရူဘင်အာမိုရင်ဟာ လာမယ့် ၂၀၂၅-၂၆ ဘောလုံးရာသီမှာတော့ အသင်းရဲ့တိုက်စစ်ပိုင်းကိုသာ အင်အားဖြည့်တင်းဖို့ စိတ်အားထက်သန်နေတာဖြစ်ပြီး အိုဆီမင်ရဲ့ခြေစွမ်းကို သဘောကျနေတာလည်းဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိလာခဲ့တဲ့ ဟွိုက်လန်းဟာ ယခုချိန်အထိ ပုံစံကောင်းရဖို့ရုန်းကန်နေရဆဲဖြစ်ပြီး ဒီရာသီမှာလည်း ပရီးမီးယားလိဂ်သွင်းဂိုး ၂ ဂိုးသာသွင်းယူနိုင်ပါသေးတယ်။ 

ပြီးခဲ့တဲ့ ဒီဇင်ဘာလက နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ နောက်ဆုံးပရီးမီးယားလိဂ်သွင်းဂိုးကို သွင်းယူခဲ့တဲ့ ဒိန်းမတ်လက်ရွေးစင်ဟာ ယခု ၂၀၂၅ ခုနှစ်ရာသီအတွင်း သွင်းဂိုးရယူနိုင်ခြင်းမရှိသေးပါဘူး။ အခုလို ဟွိုက်လန်းရဲ့ရုန်းကန်ရမှုက ခက်ခဲကြပ်တည်းနေတဲ့ယူနိုက်တက်အတွက် နောက်ထပ်ထိုးနှက်ချက်တစ်ခုဖြစ်နေလို့ ကစားသမားဟာ စီးရီးအေသို့ ပြန်လည်ဦးတည်သွားဖွယ်ရှိနေပါတယ်။ 

လာမယ့်တနင်္ဂနွေနေ့မှာတော့ ယူနိုက်တက်ဟာ အက်ဖ်အေဖလား ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်ကို အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပြီး ပြိုင်ပွဲစုံ ၂ ပွဲဆက် အနိုင်ရရှိသွားမလား စောင့်ကြည့်ရပါမယ်။