
မကြာခင်မှာ ဒဏ်ရာကနေပြန်လာတော့မယ့် ယူနိုက်တက်စတား မေဆင်မောင့်
ယူနိုက်တက်ကွင်းလယ်လူ မေဆင်မောင့်တစ်ယောက် မကြာခင်မှာ အသင်းနဲ့ပြန်လည်ပူးပေါင်းနိုင်တော့မှာဖြစ်တယ်လို့ သိရပါတယ်။ ၂၀၂၃ နွေရာသီ ချဲလ်ဆီးကနေပြောင်းလာပြီးကတည်းက မေဆင်မောင့်တစ်ယောက် ဒဏ်ရာပြဿနာတွေနဲ့သာ နပန်းလုံးခဲ့ရတာဖြစ်ပါတယ်။
အဆိုပါဒဏ်ရာပြဿနာတွေကြောင့် အင်္ဂလန်စတားဟောင်းဟာ ပြိုင်ပွဲစုံ ၃၂ ပွဲသာ ပါဝင်ခွင့်ရရှိထားခဲ့ပြီး ၁ ဂိုးသွင်း ၊ ၁ ဂိုးသာ ဖန်တီးထားနိုင်ခဲ့ပါတယ်။နောက်ဆုံးဒဏ်ရာရရှိခဲ့တာက ဒီဇင်ဘာတုန်းက မန်ချက်စတာဒါဘီမှာဖြစ်ပြီး တံကောက်ကြောဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။ အက်သလက်တစ်သတင်းဌာနရဲ့အဆိုအရ အင်္ဂလန်သားဟာ နောက်ဆုံးမှာဒဏ်ရာအခြေအနေကနေ ပြန်လာနိုင်ခဲ့ပြီဖြစ်ကာ လာမယ့်ရက်အနည်းငယ်အတွင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်မယ်လို့ ဆိုပါတယ်။
လာမယ့်ကြာသပတေးနေ့ ဆိုစီဒက်နဲ့ယူရိုပါလိဂ်ပွဲမျာတော့ မေဆင်မောင့်အနေနဲ့ ပါဝင်လာဖွယ်မရှိတာဖြစ်ပါတယ်။ ဒါပေမယ့် မောင့်ပြန်လာမှာက အာမိုရင်အတွက်တော့ သတင်းကောင်းတစ်ရပ်ဖြစ်လာပါတယ်။ သတင်းထောက်တွေကို ပြောကြားရာမှာ အာမိုရင်က “အဲ့တာက ကံဆိုးတာပါ။ မေဆင်မောင့်ရဲ့ကိုယ်ခန္ဓာမှာ ပြဿနာမရှိပါဘူး။ အဲ့တာက သူဆိုးဝါးတဲ့ရွှေ့လျားမှုပါ။ သူအခုတော့ ပြန်လည်သက်သာနေပါပြီ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ သူ့ကိုလိုအပ်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။ဆိုစီဒက်နဲ့ယူရိုပါလိဂ်ပွဲအပြီးမှာ ယူနိုက်တက်ဟာ မတ်လ ၁၆ ရက်နေ့ လက်စတာနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။