The network connection is lost.

Banner Image

ယခုနွေရာသီအတွင်း တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ဖို့ အလားအလာများလာတဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ လီယမ်ဒီလပ်၊ ဟူဂိုအက်ကီတီကီနဲ့ ဗစ်တာဂျိုကာရက်စ်တို့ကို ပြိုင်ဘက် ပရီးမီးယားလိဂ်အသင်းတွေထံ လက်လွှတ်ဆုံးရှုံးလိုက်ရပြီးနောက် ယခုနွေရာသီအတွင်း တိုက်စစ်မှူးသစ် မခေါ်ယူနိုင်ဖို့ အလားအလာနဲ့ရင်ဆိုင်နေရပြီဖြစ်ပါတယ်။ 

ယူနိုက်တက်ဟာ အပြောင်းအရွှေ့ဈေးကွက်အတွင်း မားသီးယက်စ်ကွန်ညာနဲ့ ဘရိုင်ယန်အမ်ဘွေမိုတို့ကို ပေါင် ၁၃၅ သန်းအထိသုံးစွဲပြီး ခေါ်ယူထားပေမယ့် တိုက်စစ်မှူးစစ်စစ်တစ်ယောက်ကို ထပ်မံခေါ်ယူနိုင်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ကွန်ညာဟာ ဝုဗ်အတွက် ၁၅ ဂိုးသွင်းပြီး အမ်ဘွေမိုက ဘရန့်ဖို့ဒ်အတွက် ဂိုး ၂၀ အထိသွင်းယူနိုင်ခဲ့ပေမယ့် အဆိုပါကစားသမား ၂ ဦးစလုံးဟာ နံပါတ် ၉ တိုက်စစ်မှူးတွေမဟုတ်ကြပါဘူး။ 

ဒါကြောင့် ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်မှာ ၄၄ ဂိုးသာသွင်းနိုင်ခဲ့တဲ့ယူနိုက်တက်အနေနဲ့ ဗဟိုတိုက်စစ်မှူတစ်ဦးကို ထပ်မံခေါ်ယူနိုင်ဖို့ ကြိုးစားနေရဆဲဖြစ်ပါတယ်။ ESPN သတင်းဌာနရဲ့အဆိုအရ ယူနိုက်တက်အနေနဲ့ တိုက်စစ်မှူးတစ်ဦးကို မခေါ်ယူနိုင်ပါက နောက်ရာသီမှာလည်း သွင်းဂိုးတွေရရှိဖို့ ရုန်းကန်ရနိုင်တယ်လို့သိရပါတယ်။ 

လက်ရှိအသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကလည်း အိုးလ်ထရက်ဖို့ဒ်မှာ ဆက်လက်နေထိုင်ဖို့မသေချာဘဲ ဒိန်းမတ်လက်ရွေးစင်ကို အီတလီထိပ်သီးကလပ်တွေဖြစ်တဲ့ အင်တာမီလန်နဲ့ ဂျူဗင်တပ်စ်တို့က ချိတ်ဆက်မှုတွေပြုလုပ်နေတယ်လို့သိရပါတယ်။သို့သော်လည်း အသက်-၂၂ နှစ်အရွယ်ကစားသမားဟာ ယူနိုက်တက်မှာပဲဆက်နေပြီး နည်းပြရူဘင်အာမိုရင်လက်အောက်မှာ သူ့ရဲ့အစွမ်းအစကို သ်သေပြသွားဖို့ ရည်ရွယ်ထားတယ်လို့လည်း သတင်းတွေကဆိုပါတယ်။ ဟွိုက်လန်းဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၃ နှစ်အထိ ကျန်ရှိနေသေးတာလည်းဖြစ်ပါတယ်။ 

အပြောင်းအရွှေ့ဈေးကွက်က အချိန်အလုံအလောက်ကျန်နေသေးပေမယ့် ယူနိုက်တက်အနေနဲ့ အသင်းအတွက်သင့်တော်မယ့် တိုက်စစ်မှူးသစ်တစ်ဦးကိုတော့ ခက်ခက်ခဲခဲရှာဖွေသွားရနိုင်ပါတယ်။ မကြာသေးမီက ယူနိုက်တက်ဟာ ချဲလ်ဆီးတိုက်စစ်မှူး နီကိုလက်စ်ဂျက်ဆန်ကိုခေါ်ယူတော့မယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့် အခုချိန်အထိတော့ ဆွေးနွေးညှိနှိုင်းမှုတွေ မပြုလုပ်နိုင်သေးပါဘူး။ ဒါကြောင့် ဂျက်ဆန်ရဲ့အပြောင်းအရွှေ့အတွက် ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့အကြား သဘောတူညီမှုရရှိသွားမလား ဆက်လက်စောင့်ကြည့်ရပါဦးမယ်။