မိုင်နူးတစ်ယောက် ယူနိုက်တက်မှာ ပျော်ပျော်ရွှင်ရွှင်ပြန်ကစားနေကြောင်း ပြောကြားလာတဲ့ ကာရစ်
မန်ချက်စတာယူနိုက်တက်နည်းပြ မိုက်ကယ်ကာရစ်က ယခုဇန်နဝါရီမှာ အသင်းကနေထွက်ခွာမယ်လို့ သတင်းကြီးနေခဲ့တဲ့ ကွင်းလယ်ကြယ်ပွင့် ကိုဘီမိုင်နူးဟာ ယခုအခါမှာတော့ အသင်းမှာ ပျော်ပျော်ရွှင်ရွှင်နဲ့ပြန်လည်ကစားနေပြဖြစ်ကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။
ကာရစ်ဟာ ပြီးခဲ့တဲ့ မန်ချက်စတာဒါဘီမှာ မိုင်နူးကို ပွဲထွက်လူစာရင်းမှာ ထည့်သွင်းအသုံးပြုခဲ့ပြီး အင်္ဂလန်သားဟာ ထိပ်တန်းခြေစွမ်းကို ပြသနိုင်ခဲ့ပါတယ်။ လာမယ့်တနင်္ဂနွေနေ့ အာဆင်နယ်နဲ့ယှဉ်ပြိုင်သွားရမယ့် ပွဲစဉ်မတိုင်မီ မိုင်နူးနဲ့ပတ်သက်ပြီး ကာရစ်က "ကျွန်တော် မိုင်နူးနဲ့လက်တွဲအလုပ်လုပ်ရတာ တကယ်ပဲသဘောကျပါတယ်။ သူကို ငယ်ငယ်ကတည်းက ကျွန်တော်သိခဲ့တာပါ"
"ကျွန်တော် နည်းပြလိုင်စင်အတွက် သင်တန်းတက်နေတုန်းက သူအသက် ၁၃ နှစ်လောက်ပဲရှိပါသေးတယ်။ အဲဒီအချိန်ကတည်းက သူ့ကို ကျွန်တော်လေ့ကျင့်ပေးနေခဲ့တာပါ။ ကျွန်တော်အရင်ကတည်းက ပြောခဲ့ဖူးသလိုပါပဲ၊ ဒီကလပ်ဟာ ကစားသမားတွေအတွက် ဒါမှမဟုတ် အသင်းအတွက်နဲ့ ပရိသတ်တွေအတွက်ပါ ဘယ်လိုအဓိပ္ပာယ်မျိုးရှိတယ်ဆိုတာ နားလည်တဲ့ လူငယ်ကစားသမားတွေပေါ်ထွက်လာဖို့လိုအပ်ပါတယ်။ ဒါက ကျွန်တော်တို့ ဆက်လက်ဆုပ်ကိုင်ထားပြီးအသင်းကို တည်ဆောက်သွားရမယ့်အရာဖြစ်သလို၊ မိုင်နူးကလည်း အချိန်တိုင်းမှာ အရှိန်အဟုန်နဲ့တိုးတက်နေတဲ့ စံနမူနာတစ်ခုပါ"
"ဒီလောက်အသက်ငယ်ငယ်လေးနဲ့ ဒီလိုပွဲကြီးပွဲကောင်းတွေမှာ ပါဝင်ကစားနိုင်ပြီး အကျိုးသက်ရောက်မှုရှိစေတာက သူ့ရဲ့အရည်အချင်းကိုပြသနေတာပါ။ သူက ဖိအားတွေကိုလည်း ကိုင်တွယ်နိုင်သူတစ်ယောက်ဖြစ်ပါတယ်။ ကစားသမားဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေရှိပြီး မန်စီးတီးနဲ့ပွဲမှာ သူဘာတွေလုပ်ပြခဲ့သလဲ ကျွန်တော်တို့ မြင်တွေ့ခဲ့ရပါတယ်။ သူအခု အသင်းမှာ လွတ်လွတ်လပ်လပ်၊ ပျော်ပျော်ရွှင်ရွှင်ကစားနေတာကို ပြန်မြင်နေရပါပြီ။ ဒါကတကယ်ကို ဝမ်းသာစရာပါ" လို့ပြောကြားခဲ့ပါတယ်။