The network connection is lost.

Banner Image

မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေနဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ပြန်လည်ပါဝင်လာနိုင်ကြောင်း အသိပေးပြောကြားလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မန်စီးတီးကို ၁-၂ နဲ့အနိုင်ရခဲ့တဲ့ မန်ချက်စတာဒါဘီပွဲစဉ်မှာ ပွဲအစမှာပဲ လူစားလဲခဲ့ရတဲ့ ကွင်းလယ်လူ မေဆင်မောင့်ရဲ့ဒဏ်ရာအခြေအနေကို အသိပေးလာခဲ့ပြီး အဆိုပါပွဲစဉ်မှာ ချန်လှပ်ခံခဲ့ရတဲ့ တိုက်စစ်မှူး မာက်စ်ရက်ရှ်ဖို့ဒ်အနေနဲ့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်လာနိုင်ချေရှိကြောင်း အသိပေးပြောကြားလာခဲ့ပါတယ်။ 

အိုးလ်ထရက်ဖို့ဒ်သို့စတင်ရောက်ရှိချိန်ကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ယူနိုက်တက်အတွက် ပုံမှန်ပွဲထွက်ကစားခွင့်မရခဲ့တဲ့ မေဆင်မောင့်ဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခွင့်ရခဲ့ပေမယ့် ပထမပိုင်းပွဲကစားချိန် ၁၂ မိနစ်မှာပဲ ဒဏ်ရာရရှိပြီး ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ ကစားသမားရဲ့ဒဏ်ရာအခြေအနေအသေးစိတ်ကို မသိရသေးပေမယ့် ယခုအခါမှာတော့ အာမိုရင်ရဲ့ပြောကြားချက်အရ သောကြာနေ့နံနက်ယှဉ်ပြိုင်သွားမယ့် ကာရာဘောင်ဖလား ကွာတားဖိုင်နယ်ပွဲစဉ်ကိုတော့ လွဲချော်သွားမယ်လို့သိရပါတယ်။ 

တစ်ချိန်တည်းမှာပဲ မန်စီးတီးနဲ့ပွဲစဉ်အတွက် အသင်းရဲ့လူစာရင်းမှာ ပါဝင်ခြင်းမရှိခဲ့တဲ့ ရက်ရှ်ဖို့ဒ်အနေနဲ့ကတော့ တော့တင်ဟမ်နဲ့ပွဲစဉ်မှာ ပြန်လည်ပါဝင်ကစားနိုင်ချေရှိကြောင်း ပေါ်တူဂီသားက အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။ လူစာရင်းကနေချန်လှပ်ခံခဲ့ရတဲ့ ရက်ရှ်ဖို့ဒ်ကလည်း လိုအပ်ပါက အသင်းကနေထွက်ခွာဖို့ အဆင်သင့်ရှိနေကြောင်းကို အင်္ဂါနေ့ကပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာ “ကျွန်တော်က နောက်ထပ်ခြေလှမ်းတစ်ခု၊ စိန်ခေါ်မှုအသစ်အတွက် အဆင်သင့်ဖြစ်နေပါပြီ” လို့ပြောကြားထားခဲ့ပါတယ်။ သို့သော်လည်း အင်္ဂလန်သားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်းကျန်ရှိနေသေးပြီး ယခုအခါမှာ အာမိုရင်ကလည်း ပြန်လည်အသုံးပြုဖို့အလားအလာရှိနေကြောင်းကိုပြောကြားလာခဲ့တာဖြစ်ပါတယ်။ 

မန်စီးတီးနဲ့ပွဲမှာ ချန်လှပ်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်၊ ဂါနာချိုတို့နဲ့ပတ်သက်ပြီး အာမိုရင်က “သူတို့လေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေပြီး ကျွန်တော်တို့ကလည်း စောင့်ကြည့်နေကြပါတယ်။ ကျွန်တော်တို့မှာ အချိန်ပိုလေ့ကျင့်ရေးအစီအစဉ်တစ်ခုရှိခဲ့ပါတယ်။ သတင်းစာရှင်းလင်းပွဲမှာပြောခဲ့သလိုပဲ။ သူတို့က ကျွန်တော်တို့ရဲ့ကစားသမားတွေပါ။ သူတို့ပါရင် အသင်းကပိုကောင်းပါတယ်။ သူတို့ ၂ ယောက်စလုံးအနေနဲ့ အသင်းဖော်တွေကို တွန်းအားပေးကူညီနိုင်ကြမယ်ဆိုရင် ကစားဖို့အဆင်သင့်ဖြစ်နေမှာပါ။ မေဆင်မောင့်ကတော့ ကစားနိုင်မှာမဟုတ်ပါဘူး။ သူ့မှာဒဏ်ရာပြဿနာရှိနေပါတယ်။ ကစားသမားတွေ ဒဏ်ရာပြဿနာတွေထပ်မကြုံရဖို့ ကျွန်တော်တို့ သေချာအကဲဖြတ်သွားရပါမယ်။ ဒီလိုလုပ်နိုင်မှာပဲ အသင်းက ပိုပြီးသန်မာလာမှာပါ” လို့ပြောကြားခဲ့ပါတယ်။ 

အပြောင်းအရွှေ့ကောလာဟလတွေမှာတော့ ယူနိုက်တက်ဟာ လာမယ့်ဇန်နဝါရီမှာပဲ ရက်ရှ်ဖို့ဒ်ကို ရောင်းချတော့မယ်လို့ သတင်းတွေထွက်ပေါ်နေတာကြောင့် ကစားသမားရဲ့ ယူနိုက်တက်ကစားသမားဘဝ အနာဂတ်ဟာ မသေချာတဲ့အခြေအနေမှာရှိနေတာဖြစ်ပါတယ်။ ကစားသမားကို စိတ်ဝင်စားပြီး ချိတ်ဆက်နေတဲ့အသင်းတွေထဲမှာ မြို့ခံပြိုင်ဘက် မန်စီးတီးကလည်း တစ်သင်းအပါအဝင်ဖြစ်နေပြီး တိုက်စစ်မှူးဟာ ပက်ဂွါဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်တယ်လို့လည်းသိရပါတယ်။ လောလောဆယ်မှာ အသက်-၂၇ နှစ်အရွယ်ကစားသမားရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃ သိန်း ၇ သောင်းခွဲကိုပေးချေနိုင်ဖို့ဆိုရင်တော့ မန်စီးတီးလိုအသင်းမျိုးကသာ ခေါ်ယူဖို့ဖြစ်နိုင်ချေအရှိဆုံးဖြစ်နေပါတယ်။