
အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ ဟွိုက်လန်းကို အာမိုရင် ကာကွယ်
မန်ချက်စတာယူနိုက်တက်နည်းပြရူဘင်အာမိုရင်က တနင်္ဂနွေနေ့ညက ဝုဗ်ကို ၀-၁ နဲ့အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အခွင့်အရေးတွေဖြုန်းတီးခဲ့တဲ့ အသင်းရဲ့တိုက်စစ်မှူး ရက်စ်မွတ်စ်ဟွိုက်လန်းကို ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။
ဟွိုက်လန်းဟာ ဒုတိယပိုင်းမှာ အသင်းဖော်တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုရဲ့ ကန့်လန့်ဖြတ် ချိုးပေးမှုကို အဆုံးသတ်ဖို့ အကောင်းဆုံးအခွင့်အရေးရခဲ့ပေမယ့် ဘောလုံးတောင် မထိခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်လက်ရွေးစင်ဟာ ဒီရာသီ ပရီးမီးယားလိဂ်မှာ ဂိုးသွင်းနိုင်ဖို့ အတော်လေးရုန်းကန်နေရပြီး လက်ရှိအချိန်မှာ ၃ ဂိုးသာ ရရှိထားပါတယ်။
ပွဲအပြီးမှာ အာမိုရင်က “ကျွန်တော်တို့အသင်းမှာ အခွင့်အရေးတွေ လွဲချော်နေတဲ့ ကစားသမားတွေ အများကြီးရှိပါတယ်။ ဟွိုက်လန်းတစ်ယောက်တည်း လွဲချော်နေတာမဟုတ်ပါဘူး။ သူက တိုက်စစ်မှူးဆိုတော့ ဂိုးသွင်းဖို့လိုအပ်တာတော့ မှန်ပါတယ်။ ဒါပေမယ့် ဂိုးသွင်းတယ်ဆိုတာ တစ်သင်းလုံးရဲ့အလုပ်ပါ။ ကျွန်တော်ဒါကို ပြောခဲ့ပြီးသားပါ။ ကျွန်တော်တို့ ဒီထက်ပိုပြီး ဂိုးတွေသွင်းနိုင်သင့်ပါတယ်။ ဟွိုက်လန်းတစ်ယောက်တည်းကိုပဲ အပြစ်ပြောလို့မရပါဘူး” လို့ပြောကြားခဲ့ပါတယ်။
ဟွိုက်လန်းက အခွင့်အရေးတွေ အသုံးချနိုင်ဖို့ရုန်းကန်နေရသလို၊ ဂျိုရှူးဝါးဇက်ခ်ဇီကလည်း ဒဏ်ရာပြဿနာတွေ့ကြုံပြီး ရာသီကုန်အထိ အနားယူဖို့ လိုအပ်နေတာကြောင့် ယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းဟာ ပုံစံကောင်းရဖို့ လက်ကျန်ပွဲစဉ်တွေမှာ ရုန်းကန်သွားရဖို့ရှိနေပါတယ်။
သို့သော်လည်း အာမိုရင်ကတော့ ဟွိုက်လန်းတစ်ယောက် သွင်းဂိုးတွေရလာမယ်လို့ ယုံကြည်ကြောင်းကို “သူ့ရဲ့ ဂိုးသွင်းစွမ်းရည်တိုးတက်ဖို့က ဗီဒီယိုတွေ ပြန်ပြပြီး သင်ကြားပေးဖို့လိုပါတယ်။ သူ အသင်းမှာမပါဝင်ဘဲ ချန်လှပ်ခံရရင်လည်း ဂိုးသွင်းနိုင်မှာမဟုတ်ပါဘူး။ ဒါကြောင့် သူဂိုးတွေသွင်းနိုင်ဖို့ပဲ ကျွန်တော်တို့ ကြိုးပမ်းသွားပါမယ်” လို့ပြောကြားခဲ့ပါတယ်။