The network connection is lost.

Banner Image

ယူရိုပါလိဂ်ဖလားဆွတ်ခူးပါက မြို့ထဲသို့လှည့်လည်အောင်ပွဲခံမှာမဟုတ်တဲ့ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ မေလ ၂၂ ရက်နေ့ တော့တင်ဟမ်နဲ့ယှဉ်ပြိုင်သွားရမယ့် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ အနိုင်ရပြီး ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါက မန်ချက်စတာမြို့ထဲသို့ အမိုးဖွင့်ကားနဲ့ လှည့်လည်အောင်ပွဲခံမှာမဟုတ်ဘဲ အသင်းရဲ့လေ့ကျင့်ရေးကွင် ကာရင်တန်မှာပဲ အောင်ပွဲခံအခမ်းအနားကို ကျင်းပသွားမယ်လို့ သိရပါတယ်။ 

ယူနိုက်တက်ဟာ ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲအထိ တက်ရောက်ထားနိုင်ပေမယ့် ပရီးမီးယားလိဂ်မှာတော့ ရှုံးပွဲ ၁၇ ပွဲနဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့် ၁၆ နေရာမှာရပ်တည်နေတာကြောင့် အသင်းရဲ့အကြီးအကဲတွေက အလွန်အမင်းအောင်ပွဲခံဖို့ ဆန္ဒမရှိဘူးလို့ ဆိုပါတယ်။ 

ပြီးခဲ့တဲ့ မတ်လက ကာရာဘောင်ဆုဖလားကို ဆွတ်ခူးခဲ့တဲ့ နယူးကာဆယ်ကတော့ ၁၉၇၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် ဆုဖလားအောင်မြင်မှုအတွက် မြို့ထဲသို့ အမိုးဖွင့်ဘက်စ်ကားနဲ့ လှည့်လည်အောင်ပွဲခံခဲ့ပါတယ်။ တစ်ဖက်မှာ ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးထားတဲ့လီဗာပူးကလည်း မေလ ၂၆ ရက်နေ့မှာ အလားတူပုံစံမျိုး အောင်ပွဲခံသွားမယ်လို့ သိရပါတယ်။

သို့သော်လည်း ဥရောပဆုဖလားကို ဆွတ်ခူးဖို့ အခွင့်အရေးရှိနေတဲ့ ယူနိုက်တက်ကတော့ အသင်းရဲ့ပရိသတ်တွေနဲ့ ရောနှောခြင်းမရှိဘဲ ကာရင်တန်လေ့ကျင့်ရေးကွင်းမှာပဲ တိုးတိုးတိတ်တိတ်အောင်ပွဲခံဖို့ ပြင်ဆင်ထားတာဖြစ်ပါတယ်။ ယူနိုက်တက်အနေနဲ့ အဆိုပါဗိုလ်လုပွဲအပြီး ၄ ရက်အကြာမှာပဲ ရာသီကြိုခြေစမ်းပွဲစဉ်တွေအတွက် ခရီးထွက်ရဖို့ရှိတာကြောင့် အသင်းရဲ့အကြီးအကဲတွေက အောင်ပွဲခံအခမ်းအနားကို မပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ ယူနိုက်တက်ဟာ မေလ ၂၈ ရက်နေ့မှာ မလေးရှားနိုင်ငံ ကွာလာလမ်ပူမှာ ချစ်ကြည်ရေးခြေစမ်းပွဲကစားသွားရဖို့ရှိပြီး မေလ ၃၀ ရက်နေ့မှာလည်း ဟောင်ကောင်မှာ ခြေစမ်းပွဲဆက်လက်ကစားရဖို့ ရှိနေတာဖြစ်ပါတယ်။ 

တစ်ဖက်က တော့တင်ဟမ်ကတော့ ဆုဖလားကိုသာ ဆွတ်ခူးနိုင်ခဲ့မယ်ဆိုရင် ၁၇ နှစ်ကြာ ဆုဖလားမိုးခေါင်မှုကို အဆုံးသတ်နိုင်တဲ့အနေနဲ့ လန်ဒန်မြို့ထဲမှာ လှည့်လည်အောင်ပွဲခံသွားမယ်လို့ သိရပါတယ်။ ယူနိုက်တက်အနေနဲ့ နောက်ဆုံးအကြိမ်အဖြစ် အမိုးဖွင့်ဘက်စ်ကားတွေနဲ့ မန်ချက်စတာမြို့ထဲ လှည့်လည်အောင်ပွဲခံခဲ့ခြင်းမှာ ၂၀၁၃ ခုနှစ် ပရီးမီးယားလိဂ်ဖလားကို ဆွတ်ခူးခဲ့စဉ်ကဖြစ်ပြီး ထိုစဉ်က အသင်းရဲ့ပရိသတ် ၁ သိန်းခန့်ဟာ လမ်းမတွေပေါ်ထွက်ပြီး ကြိုဆိုအောင်ပွဲခံခဲ့ကြပါတယ်။