ကစားသမားဘဝတစ်လျှောက်လုံးကို ယူနိုက်တက်မှာပဲ နေထိုင်သွားချင်တယ်လို့ ထုတ်ဖော်ပြောကြားလာတဲ့ အာမက်
မန်ချက်စတာယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ၁ နှစ်သာကျန်ရှိတော့တဲ့ တောင်ပံကစားသမားလေး အာမက်ဒီယာလိုကို အနာဂတ်နဲ့ပတ်သက်ပြီး မေးမြန်းမှုတွေပြုလုပ်ခဲ့ရာ အာမက်က သူ့ရဲ့ကစားသမားဘဝတစ်လျှောက်လုံးကို ယူနိုက်တက်မှာပဲ နေထိုင်သွားချင်တယ်လို့ ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေပေမယ့် အာမက်ဟာ နောက်ထပ်အပို ၁ နှစ်ရွေးချယ်ခွင့်ကျန်ရှိနေပါသေးတယ်။ ယူနိုက်တက်နဲ့အတူ အမေရိကန်သို့ထွက်ခွာလာတဲ့ ရာသီကြိုခရီးစဉ်မှာ လိုက်ပါလာတဲ့ အာမက်ဟာ ရိန်းဂျားကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ ခြေစမ်းပွဲစဉ်မှာ ခြေစွမ်းပြသနိုင်ခဲ့တာကြောင့် မန်နေဂျာ အဲရစ်တန်ဟက်ရဲ့ချီးကျူးပြောဆိုခြင်းကို ခံထားရပါတယ်။
တန်ဟက်က လာမယ့် ၂၀၂၄-၂၅ ရာသီမှာ အာမက်ကို ယူနိုက်တက်ရဲ့ အဓိက ကစားသမားအဖြစ် အသုံးပြုနိုင်ချေရှိတယ်လို့လည်း ပြောကြားခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက ဒူးဒဏ်ရာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အများအပြားကို လွဲချော်ခဲ့ပေမယ့် အာမက်ဟာ အမှတ်ရစရာအခိုက်အတန့်အချို့ရှိခဲ့ပြီး အထူးသဖြင့် အက်ဖ်အေဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ခါးသီးတဲ့ပြိုင်ဘက် လီဗာပူးဘက်ကို အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့တာက မမေ့နိုင်စရာခဲ့ပါတယ်။
ယခုအခါမှာတော့ အသက်-၂၂ နှစ်အရွယ် ကစားသမားဟာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာ ဖြစ်ပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာပဲ ဆက်လက်နေထိုင်လိုကြောင်းကို ထုတ်ဖော်ပြောကြားလာခဲ့ပါတယ်။
ရာသီကြိုခရီးစဉ်အတွင်း အနာဂတ်အစီအစဉ်တွေနဲ့ ပတ်သက်ပြီး မေးမြန်းမှုပြုလုပ်ခဲ့ရာ အာမက်က “ကျွန်တော်ဒီမှာ အရမ်းပျော်နေပါတယ်။ ဒီမှာရှိတဲ့လူတိုင်းကလည်း ကျွန်တော်နဲ့အတူရှိနေလို့ ပျော်တဲ့ပုံပါပဲ။ ကျွန်တော့် တစ်ဘဝလုံးကို ဒီမှာနေထိုင်ဖို့ စိတ်ကူးထားပါတယ်။ ပြီးခဲ့တဲ့နှစ် ရာသီကြိုခရီးစဉ်မှာ ဒဏ်ရာရခဲ့လို့ အချိန်အကြာကြီး အနားယူခဲ့ရတာက ကျွန်တော့်အတွက် မလွယ်ခဲ့ပါဘူး။ ဒါပေမယ့် အရေးကြီးတာက ပိုမိုသန်မာတဲ့ခွန်အားနဲ့ ပြန်လာပြီး အသင်းကို ကူညီနိုင်ဖို့ပါ။ အခုချိန်မှာတော့ ကျွန်တော်အတိတ်ကိုမေ့ထားပြီး လက်ရှိအချိန်ကိုပဲ အာရုံစိုက်ထားပါတယ်” “ဒီရာသီကိုစတင်နိုင်ဖို့အတွက်တော့ အရမ်းစိတ်အားတက်ကြွပြီး စိတ်လှုပ်ရှားနေပါတယ်။ ကျွန်တော့်အနေနဲ့ နည်းပြအပေါ်မှာလည်း ယုံကြည်မှုရှိပါတယ်။ ပြီးခဲ့တဲ့ရာသီက ကျွန်တော်အများကြီးကစားခွင့်မရခဲ့ပေမယ့် ဒီရာသီမှာတော့ ကစားနိုင်မယ်လို့ထင်ပြီး အားလုံးအတွက် ကောင်းမွန်တဲ့ရာသီတစ်ခုဖြစ်လာမယ်လို့ မျှော်လင့်ပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
ယူနိုက်တက်ဟာ အာမက်ကို ကမ်းလှမ်းလာတဲ့ ပေါင်သန်း ၃၀ တန် ပြောင်းရွှေ့ကြေးကို ငြင်းဆိုထားတာကြောင့် စာချုပ်သစ် ချုပ်ဆိုဖို့ သေချာသလောက်ရှိပါတယ်။ လူငယ်ကစားသမားအနေနဲ့လည်း လက်ရှိရာသီကြိုခြေစမ်းပွဲစဉ်တွေမှာ တန်ဟက်ကျေနပ်လောက်တဲ့ ခြေစွမ်းမျိုးကို ပြသပြီး လာမယ့်ရာသီ ယူနိုက်တက်ပွဲထွက်လူစာရင်းမှာပါဝင်နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။
သို့သော်လည်း အာမက်ဟာ ဂျေဒန်ဆန်ချို၊ အန်တိုနီ၊ ဂါနာချို၊ ရက်ရှ်ဖို့ဒ်တို့နဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်လို့ ပုံမှန်နေရာရဖို့ အတော်လေးရုန်းကန်သွားရမှာဖြစ်ပါတယ်။