The network connection is lost.

Banner Image

ယူနိုက်တက်စတားကိုခေါ်ယူဖို့ ဆွေးနွေးမှုတွေပြုလုပ်နေတာ တိုးတက်နေတဲ့ ဂျူဗင်တပ်စ်

သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းဟာ ယူနိုက်တက်တောင်ပံကစားသမား ဆန်ချိုကိုခေါ်ယူဖို့ ဆွေးနွေးနေတာ အပေါင်းလက္ခဏာဆောင်နေတယ်လို့ သိရပါတယ်။ အသက် ၂၅ နှစ်သားဟာ ၂၀၂၁ တုန်းက ဒေါ့မွန်အသင်းထံကနေ ပေါင် ၇၃ သန်းနဲ့ပြောင်းရွှေ့လာခဲ့ပေမယ့် မန်ချက်စတာမှာ ရုန်းကန်ခဲ့ရကာ အသင်းအတွက် လိဂ်ဂိုး ၉ ဂိုးသာ သွင်းယူနိုင်ခဲ့ပါတယ်။

တန်ဟက်နဲ့လူသိရှင်ကြားအချင်းများပြီးကတည်းက ဆန်ချိုတစ်ယောက် ယူနိုက်တက်အတွက် ကစားခွင့်မရတော့တာဖြစ်ပါတယ်။ အင်္ဂလန်သားဟာ ပြီးခဲ့တဲ့နှစ်က ချဲလ်ဆီးကိုအငှားနဲ့မပြောင်းခင် အဲ့ရှေ့နှစ်က အသင်းဟောင်း ဒေါ့မွန်ထံ အငှားပြန်ခဲ့ပြီး ခြေစွမ်းပြနိုင်ခဲ့ပါတယ်။ ချဲလ်ဆီးမှာလည်း ကွန်းဖရန့်လိဂ်ဖိုင်နယ်မှာသာ ဂိုးသွင်းနိုင်ခဲ့ပေမယ့် အားလုံးခြုံကြည့်ရင် တည်ငြိမ်တဲ့စွမ်းဆောင်ရည်တော့ ပြသနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းအနေနဲ့ ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ဝယ်ယူခွင့်ထက် ပေါင် ၅ သန်းဒဏ်ကြေးသာ ပေးဆောင်ခဲ့ပါတယ်။ အာမိုရင်လည်း ဆန်ချိုကို အသင်းမှာဆက်မထားချင်တော့ပဲ ရောင်းချဖို့ ပြင်ဆင်နေပါတယ်။ ဒီမာဇီယိုကတော့ ဆန်ချိုဟာ ဂျူဗင်တပ်စ်အသင်းနဲ့ဆွေးနွေးနေတာ အဆင်ပြေနေတယ်လို့ သိရပါတယ်။ ဆန်ချိုဘက်ကလည်း ဂျူဗင်တပ်စ်အသင်းထံပြောင်းရွှေ့ဖို့ လမ်းဖွင့်ထားပြီး ပုဂ္ဂိုလ်ရေးသဘောတူညီမှုရယူနိုင်ဖို့ လိုအပ်နေဆဲဖြစ်ပါတယ်။

ဆန်ချိုရဲ့လုပ်ခလစာက တစ်ပတ်ကို ပေါင် ၃ သိန်းရှိနေပြီး ယူနိုက်တက်ဘက်က အငှားထက် ပေါင် ၂၅ သန်းနဲ့ အပြီးသတ်ရောင်းချချင်နေပါတယ်။ နောက်ထပ်သတင်းတွေအရ ဂျူဗင်တပ်စ်အသင်းဟာ ဆန်ချိုအတွက် ဒေါက်ကလပ်လူးဝစ်ဇ် ၊ ဗလာဟိုဗစ် နဲ့ တီမိုသီတို့ ၃ ဦးနဲ့ အလဲအထပ်လုပ်ဖို့ ပြင်နေတယ်လို့ သိရပါတယ်။ အဆိုပါကစားသမား ၃ ဦးရောင်းချမှုဟာ ဆန်ချိုအပြောင်းအရွှေ့ထဲပါဝင်လာမလားဆိုတာ မသိရသေးတာဖြစ်ပါတယ်။

ဂျူဗင်တပ်စ်အသင်းဟာ ရီးရဲလ်အသင်းကို ၁-၀ နဲ့အရေးနိမ့်ခဲ့ပြီးနောက် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီဖြစ်ပါတယ်။ လက်ရှိမှာတော့ လာမယ့်ရာသီသစ်အတွက် ပြင်ဆင်နေပြီး တိုက်စစ်ပိုင်းအတွက် လိုင်လီကနေအလွတ်နဲ့ထွက်ခွာမယ့် ဂျိုနသန်ဒေးဗစ်ကို ခေါ်ယူဖို့ နှုတ်အားဖြင့်သဘောတူညီမှုရရှိခဲ့ပြီဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် ဗလာဟိုဗစ်ကိုရောင်းချမှာဖြစ်ပြီး နာပိုလီစတား အိုဆီမင်ကိုလည်း စိတ်ဝင်စားနေပါတယ်။