The network connection is lost.

Banner Image

ယူနိုက်တက်အနေနဲ့ အာမိုရင်ကို အခွင့်အရေးဆက်ပေးထားခြင်းက မှန်ကန်တဲ့လုပ်ရပ်ဖြစ်ကြောင်း မော်ရင်ဟိုထောက်ခံ

မန်ချက်စတာယူနိုက်နည်းပြဟောင်း ဟိုဆေးမော်ရင်ဟိုက အသင်းအနေနဲ့ ခက်ခဲကြမ်းတမ်းရဲ့ရာသီတစ်ခုကို ဖြတ်သန်းခဲ့ရပေမယ့် နည်းပြ ရူဘင်အာမိုရင်ကို ရာထူးမှာဆက်လက်ခန့်အပ်ခြင်းက မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ထောက်ခံပြောကြားလာခဲ့ပါတယ်။ အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ ယူနိုက်တက်ဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ရှုံးနိမ့်ပြီး နောက်ရာသီချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရသလို၊ ပရီးမီးယားလိဂ်မှာလည်း အဆင့် ၁၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် မော်ရင်ဟိုကတော့ ပေါ်တူဂီသားကို ထောက်ခံအားပေးမှုတွေ ဆက်လက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ 

မော်ရင်ဟိုက "ယူရိုပါလိဂ်ဗိုလ်လုပွဲရှုံးနိမ့်ခြင်းရဲ့ အကျိုးသက်ရောက်မှုက ယူနိုက်တက်အတွက် အတော်လေးပြင်းထန်ပါလိမ့်မယ်။ ဥရောပပြိုင်ပွဲမှာ ယူနိုက်တက်မပါဝင်နိုင်တဲ့နှစ်ဆိုတာ အရမ်းရှားပါတယ်။ တစ်ချိန်တည်းမှာပဲ ယူနိုက်တက်က နည်းပြအာမိုရင်ကို ထောက်ခံနေဆဲပါ။ အာမိုရင်ကို အချိန်ပေးပြီး ရှေ့ဆက်နိုင်ဖို့ ကြိုးစားနေပါတယ်" လို့ပြောကြားခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နိုဝင်ဘာလမှာ စပို့တင်းလစ္စဘွန်းမှထွက်ခွာပြီး ယူနိုက်တက်သို့ပြောင်းရွှေ့ခဲ့တဲ့ အာမိုရင်ဟာ အသင်းကို ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၁၅ နေရာမှာ ရပ်တည်စေခဲ့ပြီးနောက် ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါတယ်။သို့သော်လည်း ပေါ်တူဂီသားက အသင်းဟာ နောက်ရာသီ ဥရောပပြိုင်ပွဲယှဉ်ပြိုင်ခွင့်မရှိတဲ့အပေါ် အခွင့်အရေးယူနိုင်ဖို့လိုအပ်ပြီး အခြားပြိုင်ပွဲတွေမှာ ရလဒ်ကောင်းတွေပုံဖော်နိုင်ဖို့လိုအပ်တယ်လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီး မော်ရင်ဟိုက "သူ့ဆီကစကားတွေ ကျွန်တော်ကြားရပါတယ်။ သူ ယူနိုက်တက်မှာပျော်နေတယ်လို့ထင်ပါတယ်။ ဒါပေမယ့် ၆ လအတွင်းမှာတော့ သူအခက်အခဲတွေရှိခဲ့ပါတယ်။ ကျွန်တော်ပေါ်တိုကိုစရောက်တုန်းကလည်း ဒီလိုပါပဲ။ ကျွန်‌တော် ပေါ်တိုကို ၂၀၀၂ ဇန်နဝါရီမှာ စရောက်ခဲ့ပြီး ပထမဆုံး ၆ လမှာ အတော်လေးခက်ခဲခဲ့ပါတယ်။ ယူအီးအက်ဖ်အေဝင်ခွင့်ရဖို့တောင် ရုန်းကန်ခဲ့ရပြီး နောက်ပိုင်းမှ အောင်မြင်မှုတွေ ဆက်တိုက်ရခဲ့တာပါ" လို့ပြောကြားခဲ့ပါတယ်။ 

မော်ရင်ဟိုဟာ ပေါ်တိုအတွက် ဖလား ၃ လုံးချန်ပီယံဖြစ်အောင်စွမ်းဆောင်ပေးနိုင်ခဲ့ပြီး တစ်နှစ်အတွင်း ပေါ်တူဂီအမှတ်ပေးဖလား၊ ပေါ်တူဂီဖလားနဲ့ ယူအီးအက်ဖ်အေဖလားတို့ကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ၂၀၀၃-၀၄ ဘောလုံးရာသီမှာတော့ မော်ရင်ဟိုဟာ ပေါ်တိုအတွက် အမှတ်ပေးဖလားကို ထပ်မံဆွတ်ခူးခဲ့သလို၊ ချန်ပီယံလိဂ်အောင်မြင်မှုပါ ရရှိစေခဲ့တာဖြစ်ပါတယ်။