အဲဗာတန်နဲ့ပွဲမှာ ဒဏ်ရာပြဿနာကြုံတွေ့ခဲ့ရပုံပေါ်တဲ့ ဖာနန်ဒက်စ်
မန်ချက်စတာယူနိုက်တက်အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်ဟာ ယမန်နေ့ညက အဲဗာတန်ကို ၄-၀ နဲ့အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ လူစားလဲခံရပြီးနောက် အရန်ခုံမှာ ဒဏ်ရာပြဿကြုံတွေ့ခဲ့ရပုံပေါ်တဲ့ ဓာတ်ပုံတွေ့ပျံ့နှံ့ခဲ့တာကြောင့် အသင်းပရိသတ်တွေအကြား စိုးရိမ်မှုတွေ မြင့်တက်နေတယ်လို့ သိရပါတယ်။
အဆိုပါပွဲစဉ်မှာ ယူနိုက်တက်အတွက် ဂိုးဖန်တီးမှု ၂ ကြိမ်အထိပြုလုပ်နိုင်ခဲ့တဲ့ ဖာနန်ဒက်စ်ဟာ မန်ချက်စတာစီးတီးကွင်းလယ်လူ ဘာနာဒိုဆေးလ်ဗားကိုကျော်လွန်ပြီး ပရီးမီးယားလိဂ်မှာ ဂိုးဖန်တီးမှုအများဆုံးပြုလုပ်နိုင်တဲ့ ပေါ်တူဂီကစားသမားအဖြစ် ၄၆ ကြိမ်နဲ့ မှတ်တမ်းဝင်ခဲ့ပါတယ်။
ယူနိုက်တက်အတွက်ဂိုးတွေကို တိုက်စစ်မှူးတွေဖြစ်ကြတဲ့ မားကပ်စ်ရက်ရှ်ဖို့ဒ်နဲ့ ဂျိုရှူးဝါးဇက်ခ်ဇီတို့က ၂ ဂိုးစီသွင်းယူပေးခဲ့ကြပြီး ချေပဂိုးလည်း ပြန်လည်ခွင့်ပြုခဲ့ရခြင်းမရှိတာကြောင့် ယူနိုက်အနေနဲ့ နည်းပြသစ် အာမိုရင်လက်ထက် ပထမဆုံးအကြိမ် ပြီးပြည့်စုံတဲ့နိုင်ပွဲကို စတင်ဖော်ဆောင်နိုင်ခဲ့ပါတယ်။
အဆိုပါနိုင်ပွဲကြောင့် ယူနိုက်တက်ဟာ ပရီးမီးယားလိဂ်အမှတ်ပေးဇယားရဲ့ အဆင့် ၉ နေရာသို့ တက်လှမ်းလာနိုင်ခဲ့ပြီး အဆင့် ၄ နေရာက ဘရိုက်တန်နဲ့ ရမှတ် ၄ မှတ်သာကွာဟတော့တာဖြစ်ပါတယ်။ သို့သော်လည်း အသင်းရဲ့အဓိက ကွင်းလယ်လူဖြစ်တဲ့ ဖာနန်ဒက်စ်ဟာ ပွဲကစားချိန် ၆၆ မိနစ်မှာပဲ တောင်ပံကစားသမား အလီဂျန်ဒရိုဂါနာချိုနဲ့ လူစားလဲခံခဲ့ရပြီး အရန်ခုံမှာ ခြေကျင်းဝတ်ကို ရေခဲထုတ်နဲ့ပတ်ထားခဲ့ရတာကြောင့် ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ ထင်မှတ်ရပါတယ်။
လာမယ့် ဗုဒ္ဓဟူးနေ့မှာ ယူနိုက်တက်ဟာ ခက်ခဲတဲ့ပွဲစဉ်အဖြစ် အာဆင်နယ်ကို အဝေးကွင်းမှာသွားရောက်ရင်ဆိုင်ရမှာဖြစ်လို့ ဖာနန်ဒက်စ်ရဲ့ ဒဏ်ရာရသွားတယ်လို့ ထင်မှတ်ရတဲ့ပုံရိပ်က ပရိသတ်တွေအကြား စိုးရိမ်စရာအဖြစ် ပျံ့နှံ့နေခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ ဝက်စ်ဟမ်းကို ၂-၅ နဲ့ဂိုးပြတ်အနိုင်ရထားခဲ့တဲ့ အာဆင်နယ်ဟာ အကောင်းဆုံးပုံစံပြန်ရနေပြီး အမှတ်ပေးဇယားရဲ့အဆင့် ၂ နေရာမှာ ရပ်တည်ထားတာကြောင့် ယူနိုက်တက်အတွက် ခက်ခဲတဲ့ပြိုင်ဘက်ဖြစ်လာမှာသေချာနေပါတယ်။
ဒါကြောင့် အာမိုရင်အနေနဲ့ အသင်းရဲ့ အားထားရတဲ့ ကစားသမားလည်းဖြစ်၊ အသင်းခေါင်းဆောင်လည်းဖြစ်တဲ့ ဖာနန်ဒက်စ်ကို အဆိုပါပွဲစဉ်မှာ သေချာပေါက် ပွဲထုတ်အသုံးပြုသွားရမှာဖြစ်လို့ ကစားသမားအနေနဲ့ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခြင်းမရှိဖို့ မျှော်လင့်နေမှာဖြစ်ပါတယ်။