
စပွန်ဆာစာချုပ်ကိစ္စ မန်စီးတီးနဲ့ တရားပြိုင်မှုမှာ ပရီးမီးယားလိဂ် အကြီးအကျယ်ရှုံးနိမ့်
ပရီးမီးယားလိဂ်ဟာ မန်စီးတီးအသင်းနဲ့ တရားရုံးတွေ့ရာမှာ အရှုံးကြီး ရှုံးသွားပါပြီ။ ၂၀၂၃ ခုနှစ်အတွင်း လိဂ်က မန်စီးတီးအသင်းကို အီတီဟတ်လေကြောင်းလိုင်း၊ အဘူဒါဘီဘဏ်တို့နဲ့ စာချုပ်ချုပ်တာကို တားမြစ်ခဲ့လို့ အသင်းက တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။
အခု လွတ်လပ်တဲ့ ခုံသမာဓိအဖွဲ့က ဆုံးဖြတ်ချက်ချလိုက်ရာမှာ ပရီးမီးယားလိဂ်ရဲ့ စပွန်ဆာစည်းမျဉ်းတွေဟာ တရားမဝင်ဘူးလို့ အတည်ပြုလိုက်ပါတယ်။ ဒီစည်းမျဉ်းတွေကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာကနေ ၂၀၂၄ ခုနှစ် နိုဝင်ဘာလအထိ ကျင့်သုံးခဲ့တာ ဖြစ်ပါတယ်။စည်းမျဉ်းတွေရဲ့ ရည်ရွယ်ချက်က အသင်းပိုင်ရှင်တွေနဲ့ ဆက်စပ်နေတဲ့ ကုမ္ပဏီတွေကနေ စပွန်ဆာပေးငွေ ပမာဏကို ထိန်းချုပ်ဖို့ ဖြစ်ပါတယ်။ အထူးသဖြင့် နယူးကာဆယ်အသင်းကို ဆော်ဒီအာရေဗျက ဝယ်ယူပြီးနောက် ဒီစည်းမျဉ်းတွေကို ထုတ်ပြန်ခဲ့တာပါ။
ခုံသမာဓိအဖွဲ့ရဲ့ ဆုံးဖြတ်ချက်နဲ့အတူ အသင်းတွေအနေနဲ့ အရင်တုန်းက ငြင်းပယ်ခံခဲ့ရတဲ့ ကမ်းလှမ်းမှုတွေအတွက် လျော်ကြေးတောင်းခံခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကတော့ ဒီအမှုအတွက် ပေါင် ၁၀ သန်းကျော် တရားရုံးစရိတ် ကုန်ကျသွားပြီလို့ သိရပါတယ်။ Mail Sport သတင်းဌာနရဲ့ အဆိုအရ ဒီဆုံးဖြတ်ချက်ကြောင့် နောက်ထပ် လျော်ကြေးတောင်းဆိုမှုတွေ ထပ်ပေါ်လာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။