The network connection is lost.

Banner Image

မက်ဂွါရီက ယူနိုက်တက်ရဲ့ခေါင်းဆောင်တစ်ယောက်ပြန်ဖြစ်နေပြီလို့ အခိုင်အမာဆိုလာတဲ့ အာမိုရင်

မန်ချက်စတာယူနိုက်တက်နည်းပြ ရူဘင်အာမိုရင်က အသင်းရဲ့နောက်ခံလူ ဟယ်ရီမက်ဂွါရီဟာ လက်ရှိအချိန်မှာတော့ ယူနိုက်တက်ရဲ့ခေါင်းဆောင်တစ်ယောက်ပြန်ဖြစ်နေပြီလို့ အခိုင်အမာပြောကြားလာခဲ့ပါတယ်။ 

၂၀၁၉ ခုနှစ်မှာ လက်စတာမှ အိုးလ်ထရက်ဖို့ဒ်သို့ စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်သန်း ၈၀ နဲ့ရောက်ရှိလာခဲ့တဲ့ မက်ဂွါရီဟာ နည်းပြဟောင်း အိုလီဂန်နာဆိုးလ်ရှားရဲ့ စိတ်ကြိုက်ကစားသမားတစ်ဦးဖြစ်ခဲ့တာကြောင့် ယူနိုက်တက်သို့ရောက်ရှိလာပြီး ၅ လအကြာမှာပဲ အသင်းခေါင်းဆောင်လက်ပတ်ကို စတင်ဝတ်ဆင်ခွင့်ရခဲ့တာဖြစ်ပါတယ်။ 

သို့သော်လည်း အသက်-၃၁ နှစ်အရွယ်ကစားသမားဟာ မန်နေဂျာ အဲရစ်တန်ဟက်ရဲ့လက်အောက်မှာတော့ ပွဲထွက်ကစားခွင့်ရဖို့ပင်ရုန်းကန်ခဲ့ရပြီး အသင်းခေါင်းဆောင်ရာထူးကနေဖြုတ်ချခံခဲ့ရတာ အသင်းကနေထွက်ခွာဖို့လည်း ဖိအားပေးခံခဲ့ရပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက်ကနေထွက်ခွာဖို့ ငြင်းဆန်ခဲ့ကာ ပရော်ဖက်ရှင်နယ်ပီသစွာ ဝေဖန်မှုတွေကို လျစ်လျူရှုပြီး တစိုက်မတ်မတ်ကြိုးစားခဲ့တာကြောင့် ယခုအခါမှာတော့ နည်းပြသစ် အာမိုရင်ရဲ့ဦးဆောင်မှုနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြန်လည်ရရှိထားပြီဖြစ်ပါတယ်။ 

မက်ဂွါရီနဲ့ပတ်သက်ပြီး ပေါ်တူဂီသားနည်းပြက “သူကအသင်းရဲ့ခေါင်းဆောင်တစ်ယောက်ပြန်ဖြစ်နေပြီလို့ ကျွန်တော်ခံစားရပါတယ်။ သူကိုယ်တိုင်ကလည်း အခြားကစားသမားတွေထက် အရေးပါတယ်လို့ သူ့ကိုယ်သူသတ်မှတ်ထားပုံရပါတယ်။ ယုံကြည်ချက်ပြင်းထန်ပြီး အရမ်းအလုပ်ကြိုးစားနေပါတယ်။ အာဆင်နယ်ကိုအနိုင်ရခဲ့တဲ့ပွဲအတွက် ကျွန်တော့်အစား မက်ဂွါရီကိုပဲ ပိုပြီးတော့ချီးကျူးသင့်ပါတယ်။ ဒီပွဲမတိုင်ခင်မှာ သူနေမကောင်းဖြစ်နေခဲ့ပေမယ့် ပါဝင်ကစားဖို့ စိတ်အားထက်သန်ခဲ့ပြီး ပွဲပြီးချိန်မှာတော့ အတော်လေးပင်ပန်းသွားခဲ့ပါတယ်။ ဒီလိုပေးဆပ်မှုမျိုးကို ယူနိုက်တက်ကစားသမားတိုင်းဆီကနေ ကျွန်တော်လိုချင်တာပါ” လို့ပြောကြားခဲ့ပါတယ်။ 

ဆက်လက်ပြီးအာမိုရင်က “မက်ဂွါရီက ဗဟိုခံစစ်မှာ ဘောလုံးကိုင်ကစားရင် အရမ်းကောင်းပါတယ်။ ဒီလိဂ်မှာ တည်ကန်ဘောတွေက အတော်လေးအန္တရာယ်များပြီး မက်ဂွါရီကတော့ အဲဒါတွေကို ကောင်းကောင်းကိုင်တွယ်နိုင်ပါတယ်။ အာဆင်နယ်အနေနဲ့ ဖြတ်တင်ဘောတွေအများအပြားပြုလုပ်ခဲ့ပေမယ့် သူကတော့ ကောင်းကောင်းထိန်းချုပ်နိုင်ခဲ့ပါတယ်” လို့ထပ်လောင်းပြောကြားခဲ့ပါတယ်။