
လီဗာပူးရဲ့တိုက်စစ်ကို ထိန်းချုပ်သွားရမယ်လို့ ပီအက်စ်ဂျီကစားသမားတွေကို တိုက်တွန်းလိုက်တဲ့ အင်းနရစ်
ပီအက်စ်ဂျီနည်းပြ လူးဝစ်အင်းနရစ်က လီဗာပူးနဲ့ယှဉ်ပြိုင်သွားရမယ့် ချန်ပီယံလိဂ်ရှုံးထွက် ၁၆ သင်းအဆင့် ပထမအကျော့ပွဲစဉ်မှာ လီဗာပူးရဲ့တိုက်စစ်ကိုသာ အဓိကထားထိန်းချုပ်သွားရမယ်လို့ အသင်းရဲ့ကစားသမားတွေကို တိုက်တွန်းပြောကြားလာခဲ့ပါတယ်။ ရာသီအစမှာ ပုံစံကောင်းရဖို့ရုန်းကန်ခဲ့ရတဲ့ ပီအက်စ်ဂျီဟာ လက်ရှိအချိန်မှာတော့ တိုက်စစ်ပိုင်းခြေစွမ်းပြသမှုနဲ့အတူ ပြိုင်ပွဲစုံနောက်ဆုံး ၂၀ ပွဲမှာ ၁၈ ပွဲအထိအနိုင်ရထားတာဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ ပွဲ ၂၀ ထဲမှာပီအက်စ်ဂျီဟာ ရှုံးပွဲမရှိခဲ့ဘဲ သရေ ၂ ပွဲကျထားခဲ့ပါတယ်။
နောက်ဆုံး ၄ ပွဲမှာ တိုက်စစ်က ၂၁ ဂိုးအထိသွင်းယူထားတဲ့ ပီအက်စ်ဂျီဟာ ချန်ပီယံလိဂ်ပလေးအော့ဖ်အဆင့်မှာလည်း ပြည်တွင်းပြိုင်ဘက် ဘရက်စ်ကို ၂ ကျော့ပေါင်းရလဒ် ၁၀-၀ နဲ့စံချိန်တင်အနိုင်ရထားခဲ့တာဖြစ်ပါတယ်။ သို့သော်လည်း ယခု ၁၆ သင်းအဆင့်မှာတော့ ပီအက်စ်ဂျီဟာ လက်ရှိဥရောပဘောလုံးလောကရဲ့ အတည်ငြိမ်ဆုံးအသင်းလို့ဆိုရမယ့် လီဗာပူးနဲ့ထိပ်တိုက်တွေ့ဆုံနေလို့ ခက်ခက်ခဲခဲရင်ဆိုင်သွားရဖို့ရှိနေပါတယ်။
အင်းနရစ်က "ဒီပွဲက ပွဲကြီးပွဲကောင်းဖြစ်လာမှာပါ။ ဒီရာသီဥရောပရဲ့အကောင်းဆုံးပွဲဖြစ်လာနိုင်ပါတယ်။ သူတို့က တန်ပြန်တိုက်စစ်ဆော့တဲ့နေရာမှာ အတော်ဆုံးအသင်းပါ။ ကျွန်တော်တို့ သေချာဂရုစိုက်သွားရပါမယ်။ သူတို့ရဲ့တိုက်စစ်ကို ထိန်းချုပ်နိုင်ဖို့လိုပါတယ်။ လွယ်လွယ်ကူကူနဲ့တော့ ထိန်းချုပ်နိုင်မှာမဟုတ်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး အင်းနရစ်က သူ့ရဲ့အသင်းဟာ ဘောလုံးပိုင်ဆိုင်မှုအသာရမယ်ဆိုရင် လီဗာပူးအတွက် အန္တရာယ်များတဲ့ပြိုင်ဘက်ဖြစ်လာနိုင်ကြောင်းကို "ကျွန်တော်တို့ ဘောလုံးရဖို့လိုပါတယ်။ အသင်းက ခန္ဓာကိုယ်ကြံ့ခိုင်မှုအပိုင်းမှာ အားမသာပေမယ့် ဘောလုံးပိုင်ဆိုင်မှုမှာတော့ ဥရောပတစ်ဝှမ်းအများဆုံးအသင်းတွေထဲမှာ ပါပါတယ်။ ပထမအကျော့ပွဲစဉ်မှာ ဘယ်အသင်းကနောက်တစ်ဆင့်ကို တက်ရောက်နိုင်မယ်ဆိုတာ ဆုံးဖြတ်လို့မရပါဘူး။ တကယ်လို့ ကျွန်တော်တို့အခုအိမ်ကွင်းမှာရှုံးခဲ့ရင်တောင် ဒုတိယအကျော့ အန်ဖီးလ်မှာ အနိုင်ရပြီး နောက်တစ်ဆင့်ကိုတက်နိုင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။