The network connection is lost.

Banner Image

ဒွန်နာရမ်မာရဲ့မျက်နှာ အပြင်းအထန်ဒဏ်ရာရရှိပြီးနောက် ကွင်းတွင်းတာဝန်ရှိသူတွေကို ဝေဖန်ဖို့ ငြင်းဆန်သွားတဲ့ လူးဝစ်အင်းနရစ်

ဒီနေ့မနက်ပိုင်းပွဲစဉ်အတွင်း ဂိုးသမားဒွန်နာရမ်မာရဲ့မျက်နှာအား အပြင်းအထန်ဒဏ်ရရှိစေခဲ့တဲ့ မိုနာကိုနောက်ခံလူဆင်ဂိုကို ထုတ်ပယ်ဖို့ပျက်ကွက်ခဲ့တဲ့ ကွင်းလယ်ဒိုင်ဖရန်ကိုလီတီဇီယာအပေါ် ဝေဖန်သွားဖို့ ပီအက်စ်ဂျီနည်းပြလူးဝစ်အင်းနရစ် ငြင်းဆန်သွားခဲ့ပါတယ်။ မိုနာကို,ကို ၂-၁ ဂိုးဖြင့် ရှုံးနိမ့်နေရာမှ ၂-၄ ဂိုးဖြင့် ပီအက်စ်ဂျီတို့ Comeback နိုင်ခဲ့ပေမယ့် ဆင်ဂိုရဲ့ကြမ်းကြမ်းတမ်းတမ်းကစားဟန်နဲ့အတူ ဂိုးသမားဒွန်နာရမ်မာရဲ့မျက်နှာမှာ ဒဏ်ရာရရှိသွားခဲ့ပါတယ်။

မိုနာကိုနောက်ခံလူဆင်ဂိုကိုယ်တိုင်လည်း အခုဖြစ်ရပ်မတိုင်ခင် အဝါကတ်ပြသခံထားရပါတယ်။ ဒါပေမယ့် ကွင်းလယ်ဒိုင်ဟာ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး ရည်ရွယ်ချက်မပါသော မတော်တဆမှုတစ်ခုလို့ သုံးသပ်ကာ ကစားသမားကို ကွင်းတွင်းဆက်ကစားရန် ခွင့်ပြုပေးခဲ့တယ်လို့ ပြင်သစ်မီဒီယာတွေက ရေးသားခဲ့ပါတယ်။ ဒွန်နာရမ်မာကတော့ ဆေးကုသမှုခံယူပြီးနောက် ပွဲကို ဆက်မကစားနိုင်ဘဲ အရန်ဂိုးသမားဆာဖိုနော့ဗ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။

Bein Sports နဲ့တွေ့ဆုံချိန် လူးဝစ်အင်းနရစ်က “ကွင်းလယ်ဒိုင်ရဲ့ဆုံးဖြတ်ချက်လား? ဒါနဲ့ပတ်သက်လို့ ကျွန်တော်လည်း ဘာမှမလုပ်နိုင်ပါဘူး။ ဖြစ်စဉ်ဖြစ်ရပ်ကိုလည်း ကျွန်တော် မမြင်တွေ့ခဲ့ပါဘူး။ ဒါပေမယ့် အခုလိုဖြစ်ရပ်မျိုးမြင်တွေ့လိုက်ရချိန် ဆုံးဖြတ်ချက်ချမှတ်ဖို့ဆိုတာ အမြဲလိုလိုခက်ခဲလေ့ရှိပါတယ်။ကစားသမားတွေကတော့ ထိခိုက်နာကျင်စေဖို့ မရည်ရွယ်ထားခဲ့ပါဘူး။ အခုလိုပွဲစဉ်မျိုးအတွက် ကွင်းလယ်ဒိုင်အဖြစ် တာဝန်ယူရတာ ခက်ခဲပါတယ်။ ကွင်းလယ်ဒိုင်ရဲ့လုပ်ငန်းတာဝန်နဲ့ပတ်သက်လို့ ကျွန်တော်မှာ ပြောစရာမရှိပါဘူး”လို့ ဆိုပါတယ်။

အခုပွဲစဉ်အပြီး ပီအက်စ်ဂျီအသင်းဘက်က ဒွန်နာရမ်မာကို ဆေးဘက်ဆိုင်ရာစစ်ဆေးမှုတွေ ဆက်လက်ပြုလုပ်သွားရလိမ့်မယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့မှုကြောင့် လန်းစ်နဲ့ရင်ဆိုင်ရမယ့် ပြင်သစ်ရှုံးထွက်ဖလားပွဲစဉ်မှာ ဂိုးသမားပါဝင်ကစားပေးဖို့ သံသယတွေနဲ့ ရင်ဆိုင်လာရပါတယ်။ အခုနိုင်ပွဲနဲ့အတူ ပီအက်စ်ဂျီက ရမှတ် ၄၀ မှတ်အထိစုဆောင်းပြီး အနီးဆုံးပြိုင်ဘက်တွေဖြစ်တဲ့ မာဆေးလ်၊ မိုနာကိုတို့ကို ၁၀ မှတ်အထိဖြတ်ကာ ခရစ္စမတ်အားလပ်ရက်ကာလဆီ ဝင်ရောက်လာခဲ့ပါတယ်။

လူးဝစ်အင်းနရစ်က “ရည်မှန်းချက်တော့ ပြည့်မြောက်ခဲ့ပါပြီ။ ခက်ခဲတဲ့ပွဲစဉ်တစ်ခုပါ။ ကျွန်တော်တို့အသင်းက အချိန်တိုင်းမှာ လုံလောက်တဲ့ကောင်းမွန်မှုမျိုး မရှိခဲ့ပါဘူး။ ကစားသမားတွေကတော့ ဘယ်လိုပုံစံမျိုးနဲ့ Comeback လုပ်ပြီး ပွဲကိုဦးဆောင်ရမလဲဆိုတာ သိထားခဲ့ပါတယ်။ ဒါပေမယ့် အခုပွဲစဉ်ရလဒ်ပိုင်းနဲ့ပတ်သက်လို့ ကျွန်တော် ကျေနပ်အားရမိပါတယ်”လို့ ဆက်ပြောခဲ့ပါတယ်။