
ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်း အသက်ဝင်နေဆဲပဲလို့ ထုတ်ဖော်ဝန်ခံလိုက်တဲ့ လီဗာပူးကပ္ပတိန်ဗန်ဒိုက်
နယူးကာဆယ်ကို နှစ်ဂိုးပြတ်အနိုင်ရရှိမှုနဲ့အတူ အမှတ်ပေးဇယားကို ၁၃ မှတ်ဖြတ် ဦးဆောင်ထားနိုင်ပေမယ့် လီဗာပူးကပ္ပတိန်ဗန်ဒိုက်ကတော့ ပရီးမီးယားလိဂ်ချန်ပီယံပြေးလမ်းမှာ ယတိပြတ်ပြောနိုင်တဲ့အရာ ဘာတစ်ခုမှမရှိသေးဘူးလို့ အခိုင်အမာပြောဆိုခဲ့ပါတယ်။ နော်တင်ဟမ်ဖောရက်စ်နဲ့ရင်ဆိုင်ရတဲ့ အနီးဆုံးပြိုင်ဘက် အာဆင်နယ်ရဲ့အဝေးကွင်းသရေပွဲစဉ်နဲ့အတူ ဆိုဘိုဆလိုင်း၊ မက်အယ်လစ္စတာတို့ရဲ့သွင်းဂိုးတွေက ဗုဒ္ဓဟူးနေ့၊ အန်ဖီးလ်ကွင်းမှာ အက်ဒီဟိုဝီရဲ့အသင်းကို လီဗာပူးတို့ ကျော်ဖြတ်နိုင်ဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ နယူးကာဆယ်နဲ့ အိမ်ကွင်းပွဲစဉ်က ပရီးမီးယားလိဂ် ၂၄ ပွဲဆက်ရှုံးပွဲမရှိထားတဲ့ အန်းစလော့ရဲ့အသင်းအတွက် ၁၅ ရက်တာကာလအတွင်း ပဉ္စမမြောက်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရတဲ့ပွဲစဉ် ဖြစ်လာခဲ့ပါတယ်။
ပွဲစဉ်အပြီး ဗန်ဒိုက်က “ တိုက်စစ်ပိုင်းမှာရော၊ ခံစစ်ပိုင်းမှာပါ စွမ်းဆောင်ရည်ကောင်းပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ပွဲကစားချိန်နောက်ဆုံးမိနစ် ၂၀ မှာ ကျွန်တော် အကြိုက်ဆုံးအရာနဲ့ အမြင်ချင်ဆုံးအရာကို မြင်တွေ့ခံစားခဲ့ရပါတယ်။ ဒီအချိန်အပိုင်းအခြားမှာ ပြိုင်ဘက်ကို ပြေးလွှားနေစေပြီး ပွဲစဉ်ကို ကျွန်တော်တို့ အပြီးတိုင်ထိန်းချုပ်ထားနိုင်ခဲ့ပါတယ်။
ကျွန်တော်တို့ အဲ့ဒီပုံစံအတိုင်း အကောင်းဆုံးလုပ်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဘောလုံးနောက်ကို ပြေးလိုက်ပြီး ဘောလုံးရယူဖို့ကြိုးစားရတာ အခက်ခဲဆုံးအရာဖြစ်ပါတယ်။ ဒါပေမယ့် အဲ့ဒီလိုဘောလုံးရရှိလာပြီဆိုရင် နေရာလွတ်တွေနဲ့ အခွင့်အရေးတွေ ပိုပြီးဖန်တီးနိုင်ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးနည်းလမ်းတစ်ခုနဲ့ လုပ်ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်”လို့ ပြောပါတယ်။
အခုပွဲစဉ်အတွင်း အစောပိုင်းမှာယှဉ်ပြိုင်ကစားနေတဲ့ အာဆင်နယ်အသင်းရဲ့ရလဒ်ကို သိရှိလိုက်ရချိန် အိမ်ကွင်းပရိသတ်တွေက “We’re Gonna Win The League.” လို့ သံပြိုင်ဟစ်ကြွေးပြီး အောင်ပွဲခံမှုတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကတော့ အခုရာသီ၊ အသင်းအတွက် စံချိန်တင် အကြိမ် ၂၀ မြောက် လိဂ်ချန်ပီယံဆုကို ရယူနိုင်ဖို့ ကြိုးစားနေချိန် ပြင်ပဟစ်ကြွေးသံတွေကြောင့် သူနဲ့ သူ့အသင်းဖော်တွေ အာရုံထွေပြားသွားစရာမရှိဘူးလို့ ယုံကြည်နေပါတယ်။
ဗန်ဒိုက်က “ပရိသတ်တွေ စိတ်ကြိုက်သီဆိုဟစ်ကြွေးနိုင်ပါတယ်။ ကျွန်တော်တို့ကိုယ်တိုင်လည်း ဒီအခြေအနေကို ကိုင်တွယ်နိုင်ရပါမယ်။ ဒီနေ့မှာ အတိတ်ကာလတွေလိုပဲ ကောင်းမွန်တဲ့အားပေးမှုပုံစံတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့ ဆက်သွားရမယ့် လက်ကျန်အိမ်ကွင်းပွဲစဉ်တွေမှာ အံ့အားသင့်လောက်စရာ အိမ်ကွင်းအားပေးမှုပုံစံတစ်ခု ဖြစ်လာဖို့အတွက် သေချာအောင် လုပ်ဆောင်သွားရပါလိမ့်မယ်။
အခုလိုအားပေးမှုပုံစံကို ကျွန်တော်တို့ကြိုက်နှစ်သက်ကြပါတယ်။ ဒီနေရာမှာ အတော်လေးနီးစပ်နေပြီဆိုတာမျိုး ဘာမှမရှိပါဘူး။ ကျွန်တော်တို့ လက်ကျန် ၁၀ ပွဲထက်မနည်း ကစားရပါဦးမယ်။ ယတိပြတ်ပြောနိုင်တဲ့အရာ ဘာတစ်ခုမှမရှိသေးပါဘူး။ ဆုံးဖြတ်လို့ရနိုင်တဲ့အချိန်မတိုင်ခင်အထိ ကျွန်တော်တို့အတွက် လက်ဆုပ်လက်ကိုင်ပြနိုင်စရာ ဘာတစ်ခုမှ မရှိသေးပါဘူး။
နောက်ပွဲစဉ်အတွက် ဆက်သွားမယ်၊ အေးဆေးတည်ငြိမ်ကြပါလို့ ထပ်ပြောရပါဦးမယ်။ အဲ့ဒီလိုအမြဲပြောနေရလို့ ကျွန်တော်လည်း ပျင်းစရာကောင်းတဲ့လူတစ်ယောက် ဖြစ်နေလောက်ပါပြီ။ နိုင်ပွဲတွေရရှိနေချိန် ပျော်ရွှင်နေရပါမယ်။ ဒါပေမယ့် သုံးရက်တစ်ပွဲနှုန်းကာလရှည်ကြီးကစားနေရလို့ အမြဲတမ်းတော့ အနိုင်မရရှိပါဘူး။ အခုအချိန်မှာတော့ ကျွန်တော်တို့အတွက် အမှတ်ကွာဟမှု အနည်းငယ်ရှိနေပါပြီ။ ဒါကပဲ နောက်ပွဲစဉ်အတွက်ပြင်ဆင်ရင်း ကျွန်တော်တို့ ဆက်လုပ်သွားရမယ့် အရာပါပဲ။
ခက်ခဲကြမ်းလွန်းတဲ့ပွဲစဉ်တွေနဲ့အတူ ခက်ခဲကြမ်းတမ်းလွန်းတဲ့ ၁၅ ရက်တာ ကာလတစ်ခု ရှိခဲ့ပါတယ်။ ကျွန်တော်တို့တွေ အကောင်းဆုံးပုံစံနဲ့ထွက်ပေါ်လာပြီး အရမ်းကောင်းတဲ့အနေအထားတစ်ခုဆီ ကျွန်တော်တို့တွေ ကိုယ်တိုင်ပဲပို့ဆောင်နိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် အခုပြောစကားက တစ်ခုခုတော့ လုပ်နိုင်လိုက်ပြီဆိုတဲ့ အဓိပ္ပါယ်မဟုတ်ပါဘူး။ ကျေနပ်အားရနေဖို့ အချိန်၊ နေရာမရှိသေးဘူးဆိုတာ ပြင်ပကမ္ဘာတစ်ခုလုံးကိုရော၊ ကစားသမားတွေကိုပါ ကျွန်တော် သတိပေးနေရပါတယ်။
ဒီနေ့အတွက် သတင်းစကားက ကျွန်တော်တို့အားလုံး ဘယ်လိုလူတွေလဲဆိုတာ ပြသလိုက်ဖို့ပါပဲ။ ဘာကြောင့်လဲဆိုတော့ မန်စီးတီးနဲ့ပွဲစဉ်မှာ ကောင်းမွန်တဲ့နိုင်ပွဲ ရရှိပြီးနောက် အမှတ်တွေလျှော့ကျမယ် (သို့မဟုတ်) စွမ်းဆောင်ရည်ပိုင်းညံ့ဖျင်းမယ်ဆိုရင် မန်စီးတီးနဲ့ပွဲစဉ်စွမ်းဆောင်ရည်ကောင်းတွေက ဘာအဓိပ္ပါယ်မှ မရှိတော့လို့ပဲ ဖြစ်ပါတယ်။ နောက်ထပ် Clean Sheet တစ်ခုနဲ့အတူ ခံစစ်၊ တိုက်စစ် အကောင်းဆုံးစွမ်းဆောင်ရင်း အရမ်းကောင်းတဲ့ တုံ့ပြန်မှုတစ်ခုကို ပြသနိုင်ခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့အသင်းက အခုရာသီ၊ Clean Sheet အများဆုံးကလပ်အသင်းဖြစ်မယ်လို့ ထင်ပါတယ်။ ဒါတွေက အသင်းရဲ့ပြင်းပြင်းထန်ထန်ကြိုးစားမှုအပေါ်မှာပဲ မူတည်တာပါ။ အခုလိုပုံစံမျိုးပဲ ဆက်သွားပြီး ဘာတွေရယူနိုင်မလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့”လို့ ပြောပါတယ်။