The network connection is lost.

Banner Image

ဂျိုတာရုတ်တရက်ကွယ်လွန်မှုနဲ့ပတ်သက်လို့ လီဗာပူးအသင်းရင်ဆိုင်ခဲ့ပုံအကြောင်း ဖွင့်ဟလာတဲ့ ဂတ်ပို

ပြီးခဲ့တဲ့လအတွင်း ဖြစ်ပွားခဲ့တဲ့ ဝမ်းနည်းစရာ ဂျိုတာကွယ်လွန်မှုအပေါ် လက်ခံပေးနိုင်ဖို့ လီဗာပူးအသင်း ဘယ်လိုပုံစံမျိုးနဲ့ကြိုးစားခဲ့ရသလဲဆိုတာကို ဂတ်ပိုက ဖွင့်ဟပြောကြားခဲ့ပါတယ်။ လွန်ခဲ့တဲ့တစ်လကျော်ကာလတုန်းက စပိန်နိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မော်တော်ယာဉ်မတော်တဆမှုဖြစ်စဉ်အတွင်း ဂျိုတာနဲ့ ညီဖြစ်သူအန်ဒရေဆေးလ်ဗားတို့ ကွယ်လွန်အနိစ္စရောက်ရှိသွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ပတ်သက်လို့ လီဗာပူးအသင်းပရိသတ်တွေအပြင် ပြိုင်ဘက်အသင်းပရိသတ်တွေပါ ကွယ်လွန်သူကို ဂုဏ်ပြုပေးခဲ့ကြပါတယ်။

ဂျိုတာကွယ်လွန်ချိန် ဂတ်ပိုက အားလပ်ရက်ရရှိနေခဲ့ပေမယ့် ပေါ်တူဂီနိုင်ငံမှာပြုလုပ်တဲ့ ဈာပနအခမ်းအနားနဲ့ အန်ဖီးလ်ကွင်းပြင်ပမှာပြုလုပ်တဲ့ အောက်မေ့ဖွယ်အခမ်းအနားဆီ တက်ရောက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ The Athletic သတင်းဌာနနဲ့တွေ့ဆုံချိန်မှာတော့ ဂတ်ပိုက ဂျိုတာကွယ်လွန်မှုနဲ့ပတ်သက်လို့ အသင်းအတွင်းစည်းမှာ မည်သို့မည်ပုံဖြစ်ပျက်ခဲ့သလဲဆိုတာကို ပြောပြသွားခဲ့ပါတယ်။

ဂတ်ပိုက “ ဟုတ်ပါတယ်၊ အတော်လေးခက်ခဲခဲ့ပါတယ်။ ဒီဖြစ်ရပ်ပေါ်ပေါက်ချိန် ကျွန်တော်တို့အသင်းကစားသမားအတော်များများ အားလပ်ရက်အပန်းဖြေခရီးစဉ် ထွက်နေခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျွန်တော်တို့တွေ အသင်းတစ်ခုအဖြစ် စုစည်းနိုင်ဖို့ ပြင်ဆင်လာခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက သူ့ရဲ့မိသားစုကို တက်နိုင်သမျှကူညီပေးနိုင်ဖို့၊ အသင်းတစ်ခုအဖြစ် ဘာပဲဖြစ်ဖြစ် စွမ်းနိုင်သမျှကူညီပေးနိုင်ဖို့ ကျွန်တော်တို့ ကြိုးစားခဲ့ပါတယ်။ အခုအထိလည်း အဲ့ဒီလိုပုံစံမျိုးပါပဲ။ အားလုံးက တက်နိုင်သမျှကူညီပေးနိုင်ဖို့ သတင်းတွေရဲ့နောက်ကွယ်မှာ ပိုပြီးကြိုးစားပေးနေကြပါတယ်”လို့ ပြောပါတယ်။

လီဗာပူးအသင်းက ဂျိုတာဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ်-၂၀ ဂျာစီအင်္ကျီကို အနားပေးကာ ဂုဏ်ပြုပေးခဲ့သလို ကစားသမားတွေကလည်း ၂၀၂၅-၂၀၂၆ ဘောလုံးရာသီတလျှောက် အသင်းဂျာစီနဲ့ ဂျက်ကတ်တို့မှာ ‘Forever 20’ ဆိုတဲ့စာသားတံဆိပ်တပ်ဆင်ဖို့ စီစဉ်ထားပါတယ်။ ဂတ်ပိုကတော့ ဒါဟာ မေ့ပျောက်ဖို့မဖြစ်နိုင်တဲ့ တိုက်စစ်မှူးကို သတိတရရှိနေတယ်ဆိုတာ ဖော်ပြပေးနိုင်မယ့် အရေးပါတဲ့လှုပ်ရှားမှုလက္ခဏာတစ်ရပ် ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။

ဂတ်ပိုက “ အနည်းဆုံးတော့ ကျွန်တော်တို့ ဒါကိုလုပ်ပေးနိုင်ပါတယ်။ ဂျိုတာက ထူးချွန်ပြောင်မြောက်လှတဲ့ ကစားသမားတစ်ဦး သေချာပေါက်ဖြစ်ခဲ့ပေမယ့် လူသားတစ်ဦးအနေနဲ့ဆိုရင် ပိုပြီးတော့တောင် အံ့သြဖို့ ကောင်းပါတယ်။ သူက လူတိုင်းနဲ့ ဆက်ဆံရေးကောင်းမွန်ပါတယ်။ လူတိုင်းကလည်း သူ့ကို ချစ်ခင်ကြပြီး ဒီလူတွေရဲ့တုံ့ပြန်ပုံကို ခင်ဗျားတို့လည်း မြင်တွေ့ခဲ့ကြပါတယ်။

ဒါကြောင့် သူက ကျွန်တော့်အတွက် ဘယ်လိုလူမျိုးဖြစ်သလဲဆိုတာ ပိုပြီးမှတ်မိချင်ပါတယ်။ ဘောလုံးသမားတစ်ဦးဆိုတာ YouTube Highlights တွေမှာ ပြန်မြင်တွေ့နိုင်ပေမယ့် ကစားသမားအဖြစ်သာမက ကျွန်တော်တို့အတွက် ရှိခဲ့ဖူးတဲ့ လူပုဂ္ဂိုလ်တစ်ဦးအဖြစ်ပါ ပိုပြီးအမှတ်တရရှိသွားချင်ပါတယ်။ အခုဘောလုံးရာသီအတွက် သူ့ကို ကျွန်တော်တို့ အမှတ်ရနေပါလိမ့်မယ်။ ဒါပေမယ့် သူ့ကို ကလပ်အသင်းမှာရှိနေသူတိုင်းရော၊ သူ့ရဲ့မိသားစုဝင်တွေပါ ဘဝရဲ့လက်ကျန်ကာလတလျှောက်လုံး အမြဲတမ်းအမှတ်ရနေပါလိမ့်မယ်။ ကျွန်တော်တို့ သူ့ကို မမေ့ပစ်နိုင်ပါဘူး”လို့ ပြောပါတယ်။