The network connection is lost.

လီဗာပူး၊ ဝက်စ်ဟမ်းတို့ နိုင်ပွဲကိုယ်စီရယူပြီး ဘရိုက်တန် အရေးနိမ့်ခဲ့တဲ့ ယူရိုပါလိဂ်အုပ်စုအဖွင့်ပွဲစဉ်များ

၂၀၂၃-၂၀၂၄ ဘောလုံးရာသီ၊ ယူရိုပါလိဂ်အုပ်စုအဆင့်ပွဲစဉ်တွေကို ယမန်နေ့(ကြာသပတေးနေ့)ညပိုင်းမှာ စတင်ယှဉ်ပြိုင်ကစားခဲ့ရာ လီဗာပူး၊ ဝက်စ်ဟမ်းတို့ နိုင်ပွဲကိုယ်စီရယူနိုင်ခဲ့ပေမယ့် ဥရောပအဆင့် ပထမဆုံးပွဲစဉ်အဖြစ်ယှဉ်ပြိုင်တဲ့ ဘရိုက်တန်ကတော့ ရှုံးနိမ့်ခဲ့ပါတယ်။
 
သြစတြီးယားမြေမှာ လင့်ဇ်နဲ့ရင်ဆိုင်ရမယ့် ပွဲစဉ်အတွက် လီဗာပူးနည်းပြကြီး ယာဂန်ကလော့ပ်က ပွဲကစားချိန်လိုအပ်နေတဲ့ လူငယ်ကစားသမားအများစုကို ပွဲထွက်ခွင့်ပေးအပ်ခဲ့ပါတယ်။ ဒါကြောင့် ပထမပိုင်းပွဲချိန်နာရီဝက်အတွင်း လီဗာပူးဟာ လင့်ဇ်ရဲ့ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်ခဲ့သလို ဂိုးပေါက်တည့်ကန်ချက်လည်း မရှိခဲ့ပါဘူး။
 
ရှင်းလင်းပြတ်သားတဲ့ ပွဲကြိုအစီအမံမရှိတာကြောင့် အန်ဖီးလ်ကလပ်ကစားသမားတွေအကြား တွဲဖက်ကစားမှုတွေမှာ လိုအပ်ချက်တွေ ရှိနေခဲ့ပါတယ်။ ဒီလိုအနေအထားမှာပဲ လင့်ခ်ကစားသမားဖလက်ကာရဲ့ လှပတဲ့ဂိုးကန်သွင်းမှုကို ခွင့်ပြုပေးခဲ့ရကာ ပထမပိုင်းပွဲချိန်အပြီး လီဗာပူးတို့ ပြိုင်ဘက်ကို ၁-၀ ဂိုးဖြင့် အရေးနိမ့်ခဲ့ပါတယ်။
 
ဒုတိယပိုင်းပွဲချိန်စတင်လာရာမှာ ဦးဆောင်ဂိုးခွင့်ပြုပေးထားရတဲ့ ကလော့ပ်ရဲ့အသင်းက ပွဲအစီအမံတွေကို အပြောင်းအလဲပြုလုပ်လာခဲ့ရာ လီဗာပူးရဲ့တိုက်စစ်ကစားဟန်လည်း ထက်မြက်လာခဲ့ပါတယ်။ လီဗာပူးအတွက် လိုအပ်နေတဲ့ချေပဂိုးကို ဒုတိယပိုင်းပွဲချိန်စတင်ပြီး မကြာခင်မှာပဲ ဒီယက်ဇ်ကြောင့် ရရှိတဲ့ ပယ်နယ်တီမှတဆင့် နူနက်ဇ်က အပိုင်ကန်သွင်းကာ ရယူခဲ့ပါတယ်။ ဒါ့အပြင် ဂရာဗန်ဘတ်ချ်ရဲ့ ဖန်တီးပေးမှုကို ဒီယက်ဇ်က ပိတ်သွင်းယူကာ လီဗာပူးအတွက် ဦးဆောင်ဂိုး ရှာဖွေပေးခဲ့ပါတယ်။
 
အခုပွဲစဉ်အတွက် အရန်လူစာရင်းမှာသာ ပါဝင်လာခဲ့တဲ့ မိုဆာလက်ကလည်း ပွဲကစားဖို့ အခွင့်အရေးရရှိလာချိန်မှာ လီဗာပူးအတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို လှလှပပထိုးဖောက်ကန်သွင်းယူခဲ့ပြန်ပါတယ်။ ပွဲပြီးဆုံးချိန်မှာတော့ ဧည့်သည်လီဗာပူးက အိမ်ရှင်လင့်ခ်ကို လှပတဲ့ Comeback တစ်ခုနဲ့အတူ ၁-၃ ဂိုးဆိုတဲ့ ရလဒ်ဖြင့် အနိုင်ရှိခဲ့ပါတယ်။
 
ကလော့ပ်အတွက်လည်း ဥရောပအဆင့်ပွဲစဉ်တွေ ရောက်ရှိလာမှုနဲ့အတူ အဓိကကစားသမားတွေနဲ့ အရန်လူငယ်ကစားသမားတွေအကြား နားလည်မှုရှိရှိတွဲဖက်ကစားနိုင်ရေး အဖြေရှာသွားဖို့ လိုအပ်လာပါတယ်။ လန်ဒန်မြေမှာ ယှဉ်ပြိုင်ကစားတဲ့ ယူရိုပါလိဂ်ကွန်ဖရန့်လိဂ်ချန်ပီယံဝက်စ်ဟမ်းနဲ့ တိုပိုလာတို့ရဲ့ပွဲစဉ်မှာ ဒေးဗစ်မိုရက်စ်ရဲ့အသင်းက ပွဲချိန်နှောင်းပိုင်းသွင်းဂိုးတွေဖြင့် အနိုင်ရလဒ်ဖော်ဆောင်နိုင်ခဲ့ပါတယ်။
 
ပထမပိုင်းပိုင်းပွဲချိန်အတွင်း နှစ်သင်းလုံး ဦးဆောင်ဂိုးမရှာဖွေနိုင်ခဲ့ပေမယ့် အိမ်ရှင်ဝက်စ်ဟမ်းကပဲ ဘောလုံးပိုင်ဆိုင်မှု အသာစီးရယူကာ ပွဲကိုထိန်းချုပ်နိုင်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒုတိယပိုင်းစတင်လာချိန်မှာ ဝက်စ်ဟမ်းတို့ နောက်ခံလူအော့ဘွန်နာရဲ့အမှားမှတဆင့် ပြိုင်ဘက်ကို ဦးဆောင်ဂိုးခွင့်ပြုပေးခဲ့ရပါတယ်။ ဒီဂိုးကိုတော့ တိုပိုလာကွင်းလယ်လူစတာနစ်က သွင်းယူခဲ့တာပါ။
 
ဒါကြောင့်ပဲ ဒေးဗစ်မိုရက်စ်ရဲ့ကစားသမားတွေ ဖိအားတွေမြင့်တက်လာခဲ့ပြီး လိုအပ်နေတဲ့သွင်းဂိုးတွေ ရှာဖွေဖို့ ကြိုးစားလာခဲ့ပါတယ်။ ပွဲကစားချိန်တစ်နာရီ ကျော်လွန်လာချိန်မှာ ဘန်ရာမာရဲ့ ကူဒက်စ်ဆီ ဖန်တီးပေးမှုကို တိုပိုလာနောက်ခံလူပီထရိုဗစ်တားဆီးရာ ကိုယ့်ဂိုးကိုယ်သွင်းမိပြီး ဝက်စ်ဟမ်းတို့ ချေပဂိုးရရှိခဲ့ပါတယ်။ နောက်ပိုင်း ကူဒက်စ်က အားပါပြင်းထန်တဲ့ ခေါင်းတိုက်မှုနဲ့အတူ ဝက်စ်ဟမ်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးရယူရင်း အသင်းအတွက် လိုအပ်နေတဲ့ ပွဲဦးဆောင်မှုကိုပါ ဖန်တီးပေးခဲ့ပါတယ်။
 
ဒါ့အပြင် လူစားဝင်ကစားသမားဆူဆက်ခ်ကလည်း နောက်ထပ်ဦးဆောင်ဂိုးတစ်ဂိုးကို ခေါင်းတိုက်ရယူပေးခဲ့လို့ ပွဲရဲ့ရလဒ်ပိုင်းဟာ ပြတ်သားလာခဲ့ပါတယ်။ ပွဲပြီးချိန်မှာတော့ အိမ်ရှင်ဝက်စ်ဟမ်းက ဧည့်သည်တိုပိုလာကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။ ဒီပွဲစဉ်မှာ ကူဒက်စ်၊ ဆူဆက်ခ်တို့ရဲ့သွင်းဂိုးတွေအတွက် ထောင့်ကန်ဘောမှတဆင့် ဖန်တီးပေးခဲ့တဲ့ ဝက်စ်ပရောက်ဟာ အခုဘောလုံးရာသီ လက်ရှိအချိန်အထိ အသင်းရဲ့ပွဲစဉ်တိုင်းမှာ ဂိုးပါဝင်ပတ်သက်မှုလုပ်ဆောင်နိုင်တဲ့ မှတ်တမ်းကောင်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပါတယ်။
 
အိမ်ကွင်းမှာ AEK အေသင်စ်ကို လက်ခံယှဉ်ပြိုင်ကစားတဲ့ ဘရိုက်တန်ကတော့ အသင်းသမိုင်းတလျှောက် ဥရောပအဆင့်အဖွင့်ပွဲစဉ်မှာ အရှုံးရလဒ်ကို ပိုင်ဆိုင်ခဲ့ရပါတယ်။ အခုပွဲစဉ်ပထမပိုင်းပွဲချိန်စတင်ပြီးမကြာမီမှာပဲ ဆီဒီဘီက ဧည့်သည်တွေအတွက် ဦးဆောင်ဂိုးရယူပေးခဲ့ပြီး ဒီဇာဘီရဲ့အသင်းကို ဥရောပပွဲစဉ်တွေနဲ့ပတ်သက်လို့ ပညာစပေးခဲ့ပါတယ်။
 
ဒီနောက်မှာတော့ ဂျာအိုပက်ဒရိုက ပယ်နယ်တီမှတဆင့် ဘရိုက်တန်အတွက် ချေပဂိုးသွင်းယူခဲ့ပေမယ့် ဂါစီနိုဗစ်က AEK အေသင်စ်အတွက် နောက်ထပ်ဦးဆောင်ဂိုး သွင်းယူခဲ့လို့ ပထမပိုင်းပွဲချိန်အပြီး အိမ်ရှင်အသင်း အရေးနိမ့်နေခဲ့ပါတယ်။ ဒုတိယပိုင်းပွဲချိန်တွေမှာတော့ ပြိုင်ဘက်နောက်ခံလူတွေရဲ့ အမှားမှတဆင့် ရရှိလာတဲ့ ပယ်နယ်တီအခွင့်အရေးကိုပဲ ဂျာအိုပက်ဒရိုက အကောင်းဆုံးအသုံးချကာ အိမ်ရှင်ဘရိုက်တန်အတွက် လိုအပ်နေတဲ့ ချေပဂိုးကို ရယူခဲ့ပါတယ်။
 
ဒါပေမယ့် စိတ်ဓါတ်ပိုင်းမာကျောလှတဲ့ ဂရိကလပ်က အီဇီကွီရယ်ပွန့်ရဲ့သွင်းဂိုးနဲ့အတူ ပွဲကို ဦးဆောင်လာခဲ့ပြန်ပါတယ်။ ဒီတစ်ကြိမ်မှာတော့ ဘရိုက်တန်တို့ ပြန်မလာနိုင်တော့ဘဲ ပွဲပြီးဆုံးချိန်မှာ ပြိုင်ဘက်ကို ၂-၃ ဆိုတဲ့ ရလဒ်ဖြင့် အရှုံးပေးခဲ့ရပါတယ်။ ဒီပွဲစဉ်ရဲ့ရလဒ်ပိုင်းက ပရီးမီးယားလိဂ်ကလပ်အသင်းအတွက် အကြီးမားဆုံးသင်ခန်းစာတစ်ခု ဖြစ်လာပါလိမ့်မယ်။
 
အခြားပွဲစဉ်ရလဒ်များ
---------------------
ယူနီယံစိန့်ဂီလွိုက်စ် ၁-၁ တူးလော့စ်
ပါနာသီယာကို့စ် ၂-၀ ဗီလာရီးရဲလ်
ရန်းနက်စ် ၃-၀ မက္ကာဘီဟိုင်ဖာ
ဆာဗက်တီ ဝ-၂ ဆလာဗီးယား ပရာဟာ
ရှီရစ်ဖ် ၁-၂ ရိုးမား
လေဗာကူဆင် ၄-၀ ဟက်ကန်
အိုလံပီယာကို့စ် ၂-၃ ဖရိုင်းဘတ်
အေဂျက်စ် ၃-၃ မာဆေးလ်
စပါတာပရော့ဂ် ၃-၂ အေးရီးစ် လီမာဆိုးလ်
ရိန်းဂျားစ် ၁-၀ ဘက်တစ်
အတ္တလန္တာ ၂-၀ ရာကိုး
စတန်ဂရာဇ် ၁-၂ စပို့တင်းလစ္စဘွန်း