ဒီရာသီပရီးမီးယားလိဂ် ၁၀ ဂိုးဖန်တီးနိုင်တဲ့ ဒုတိယမြောက်ကစားသမား ဖြစ်လာခဲ့ပြီးနောက် နယူးကာဆယ်နည်းပြ ဟိုဝီက ထရစ်ပီယာရဲ့ဖန်တီးမှုပိုင်းနဲ့ ခေါင်းဆောင်မှုအပိုင်းကို ချီးကျူးလိုက်ပါတယ်။ ထရစ်ပီယာဟာ နယူးကာဆယ်နဲ့အတူ ဒုတိယမြောက်ရာသီအပြည့်ကို ဖြတ်သန်းနေတာဖြစ်ပြီး ပြီးခဲ့တဲ့ဒီဇင်ဘာတုန်းက အဲဗာတန် ၊ ချဲလ်ဆီးနဲ့ပွဲတွေမှာ အမှားများခဲ့တာကြောင့် ရုန်းကန်ခဲ့ရပါတယ်။
ဇန်နဝါရီတုန်းက အသက် ၃၃ နှစ်သားဟာ ဘိုင်ယန်ကိုပြောင်းဖို့ ချိတ်ဆက်ခြင်းခံခဲ့ရတာဖြစ်ပြီး နယူးကာဆယ်က ကမ်းလှမ်းမှု ၂ ကြိမ်ကို ပယ်ချခဲ့ပါတယ်။ အဲ့နောက် ပြီးခဲ့တဲ့အပတ်တွေက အင်္ဂလန်သားဟာ စွမ်းဆောင်ရည်ကောင်းတွေပြန်လည် ပြသနိုင်ခဲ့ပြီး နောက်ဆုံး ၄ ပွဲမှာ ၃ ဂိုးအထိ ဖန်တီးထားနိုင်ခဲ့ပါတယ်။
ဟိုဝီက အာဆင်နယ်နဲ့ပွဲမတိုင်ခင် ထရစ်ပီယာရဲ့ခြေစွမ်းကို ချီးကျူးပြောကြားခဲ့ပါတယ်။ “Full-back တစ်ဦးအနေနဲ့ တကယ်ကောင်းတဲ့အချက်အလက်ပါ။ သူက ဂိုးမတိုင်ခင် ပေးပို့မှုတွေအများကြီးလုပ်နိုင်တဲ့ကစားသမားပါ။ ကျွန်တော်တို့ ဘယ်လိုအလုပ်လုပ်လဲဆိုတာ သူက အခြေခံကျပါတယ်။ နောက်ကွယ်မှာ သူ့ရဲ့ဦးဆောင်မှုက အရမ်းအရေးပါပါတယ်”လို့ ဟိုဝီက ပြောကြားခဲ့ပါတယ်။
နယူးကာဆယ်ဟာ အိမ်ကွင်းမှာတုန်းက အငြင်းပွားဖွယ်အနေအထားကနေ အာဆင်နယ်ကို အနိုင်ရရှိခဲ့တာဖြစ်ပြီး အခုအဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ကြားရက်မှာတုန်းက ချန်ပီယံလိဂ်မှာ ပေါ်တိုအသင်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့ပြီး အဲ့မတိုင်ခင် ပရီးမီးယားလိဂ် ၅ ပွဲမှာ ၂၁ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။
“ကျွန်တော်တို့ ပွဲတွေကနေ အကောင်းဆုံးစွမ်းဆောင်ရည်ကို ပြန်လည်ဖော်ဆောင်ဖို့ လိုအပ်ပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက ကျွန်တော်တို့ အမ်းမရိတ်မှာ တိုက်ပွဲဝင်စွမ်းဆောင်ရည်ပြသနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဒီရာသီမှာ ထောင့်ပေါင်းစုံကနေ အရမ်းကောင်းလာတဲ့ အသင်းပါ။ အဲ့တာက ကျွန်တော်တို့အတွက် စိန်ခေါ်မှုဖြစ်လာနိုင်ပါတယ်”လို့ ဟိုဝီက ထပ်လောင်းပြောကြားခဲ့ပါတယ်။