The network connection is lost.

Banner Image

ဘိုင်ယန်မြူးနစ်ဆီပြောင်းရွှေ့ဖို့ ဒီယက်ဇ် ဆုံးဖြတ်လိုက်ပြီလို့ သတင်းထွက်ပေါ်လာ

လူးဝစ်ဒီယက်ဇ်ဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်အတွင်း လီဗာပူးမှထွက်ခွာဖို့ ဆုံးဖြတ်လိုက်ပြီး လာမယ့်ရက်ပိုင်းအတွင်း အင်္ဂလန်ကလပ်လက်ခံနိုင်လောက်မယ့် ဘိုင်ယန်မြူးနစ်ရဲ့ကမ်းလှမ်းမှုအသစ်တစ်ခု ပေါ်ပေါက်လာဖို့ မျှော်လင့်နေပါတယ်လို့ ESPN နဲ့နီးစပ်တဲ့သတင်းရင်းမြစ်တစ်ဦးအဆိုအရ သိရပါတယ်။

လီဗာပူးက ပြီးခဲ့တဲ့သီတင်းပတ်အတွင်း လူးဝစ်ဒီယက်ဇ်အတွက် ဂျာမန်တွေရဲ့ ယူရို ၆၇ ဒဿမ ၅ သန်းတန် ကမ်းလှမ်းမှုတစ်ခုကို ပယ်ချခဲ့ပါတယ်။ ဒါပေမဲ့ သတင်းရင်းမြစ်တစ်ဦးရဲ့အဆိုအရ ဘွန်ဒက်စ်လီဂါထိပ်သီးအသင်းဟာ ဦးစားပေးအဖြစ်သတ်မှတ်ထားတဲ့ ကိုလံဘီယာသားအတွက် ယူရိုသန်း ၇၀ အပြင် အပိုထပ်ဆောင်းဆုကြေးတွေပါဝင်လာမယ့် ကမ်းလှမ်းမှုအသစ်တစ်ခုကို လုပ်ဆောင်သွားဖို့ ပြင်ဆင်နေပါတယ်လို့ သိရပါတယ်။

ယမန်နှစ်၊ လီဗာပူးအသင်းရဲ့ပရီးမီးယားလိဂ်ချန်ပီယံခရီးလမ်းမှာ ဒီယက်ဇ်က သွင်းဂိုး ၁၇ ဂိုးနဲ့အတူ ပါဝင်ကူညီခဲ့ပါတယ်။ ဒါပေမဲ့ အသက်-၂၈ နှစ်အရွယ်ကစားသမားက အသင်းပြောင်းရွှေ့မယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ကလပ်အသင်းတာဝန်ရှိသူတွေဆီ အကြိမ်ကြိမ်ရှင်းလင်းတင်ပြပြီး ခရီးစဉ်အသစ်အတွက် အဆင်သင့်ဖြစ်နေပြီလို့ ယုံကြည်နေပါတယ်။
တကယ်တော့ ဒီယက်ဇ်က လမိုင်းယာမယ်လ်၊ ရာဖင်ဟာတို့ရှိနေတဲ့ ဘာစီလိုနာအသင်းဆီပြောင်းရွှေ့ဖို့ ရည်မှန်းထားခဲ့တာပါ။

သတင်းရင်းမြစ်တွေရဲ့အဆိုအရ ဘာစီလိုနာက ဒီယက်ဇ်အတွက် ပေါင် ၆၅ သန်းတန်ကမ်းလှမ်းမှုကို လီဗာပူးတို့ ပယ်ချပြီးနောက် အခြားရွေးချယ်စရာတွေဆီ ဦးလှည့်သွားခဲ့တယ်လို့ သိရပါတယ်။ နီကိုဝီလျံစ်ကိုခေါ်ယူနိုင်ရေးကြိုးပမ်းမှုလည်း မအောင်မြင်ချိန်မှာတော့ ကတ္တလန်သားတွေက မန်ချက်စတာယူနိုက်တက်မှ မားကပ်စ်ရက်ရှ်ဖို့ဒ်ကို အငှားဖြင့်ခေါ်ယူရန် ဆုံးဖြတ်ခဲ့ပါတယ်။ ဒါကြောင့် အခုအချိန်မှာတော့ ဘိုင်ယန်မြူးနစ်က ဒီယက်ဇ်ကိုခေါ်ယူဖို့ ရေပန်းအစားဆုံးဥရောပထိပ်သီးကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ စာချုပ်သက်တမ်းနှစ်နှစ်ကျန်ရှိနေသေးတဲ့ ဒီယက်ဇ်ကို လီဗာပူးက စာချုပ်သက်တမ်းတိုးဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ပါဘူး။