အန်းစလော့လက်အောက်မှာ အောင်မြင်မှုတွေရယူနိုင်စွမ်းရှိတယ်လို့ အတိအလင်းပြောဆိုလိုက်တဲ့ အလီဆင်
လီဗာပူးဂိုးသမားအလီဆင်က နည်းပြသစ်အန်းစလော့လက်အောက်မှာ ခမ်နားတဲ့အရာတွေကို ရယူသွားဖို့ သူ့ရဲ့အသင်းဆီ ထောက်ခံအားပေးလိုက်ပြီး ယာဂန်ကလော့ပ်လက်ထက် အသင်းနဲ့ နှိုင်းယှဉ်မှုတွေကိုတော့ ပယ်ချသွားခဲ့ပါတယ်။
ကြိုးကြာနီတွေက ၂၀၂၄-၂၀၂၅ ဘောလုံးရာသီကို အကောင်းဆုံးပုံစံနဲ့ဖွင့်လှစ်ထားပြီး ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို တစ်ပွဲကျန်၊ခြောက်မှတ်ကွာအနေအထားဖြင့် ပြတ်ပြတ်သားသားဦးဆောင်ထားပါတယ်။ ၂၀၁၉-၂၀၂၀ ပရီးမီးယားလိဂ်ချန်ပီယံ လီဗာပူးအသင်းကစားသမားလည်း ဖြစ်ခဲ့ဖူးသူ ကြယ်ပွင့်ဂိုးသမားအလီဆင်က အခုဘောလုံးရာသီအတွက် ကလပ်အသင်းရဲ့အလားအလာကောင်းတွေကို ဖွင့်ဟခဲ့ပါတယ်။
BBC နဲ့တွေ့ဆုံချိန် ဘရာဇီးဂိုးသမားက “အဲ့ဒီအချိန်တုန်းကအသင်းက တကယ့်ကိုထူးခြားလွန်းခဲ့ပါတယ်။ ကျွန်တော်တို့တွေ ကြီးကျယ်ခမ်းနားတဲ့အရာတွေကို ရရှိခဲ့ဖူးပါတယ်။ ကာလရှည်စောင့်ဆိုင်းခဲ့ရတဲ့ ပထမဆုံးပရီးမီးယားလိဂ်ချန်ပီယံဆုလည်း ပါဝင်ပါတယ်။ အဲ့ဒီရာသီမတိုင်ခင်တုန်းကလည်း ကျွန်တော်တို့အတူတကွ ချန်ပီယံလိဂ်ဆုဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။
အခြေအနေနှစ်ခုလုံးကို နှိုင်းယှဉ်ကြည့်လို့ မရပါဘူး။ ကျွန်တော့်ကို ပျော်ရွှင်အောင် လုပ်ပေးနိုင်တဲ့အရာက လက်ရှိအသင်းကစားသမားစာရင်းပဲ ဖြစ်ပါတယ်။ ကျွန်တော်တို့မှာ ထူးခြားတဲ့အရာတွေကို လုပ်ပြနိုင်တဲ့ အရည်အသွေးရှိပါတယ်။ အရေးအကြီးဆုံးအရာကတော့ ဒီနေရာမှာ တစ်ခုခုကို အနိုင်ရရှိသွားဖို့အတွက် လိုအပ်မယ့် အာရုံစူးစိုက်မှုပဲ ဖြစ်ပါတယ်”လို့ ပြောပါတယ်။
ယာဂန်ကလော့ပ်လက်ထက်အသင်းနဲ့ နည်းပြသစ်အန်းစလော့လက်အောက် အသင်းကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ဘယ်အချက်တွေ ကွာခြားသွားသလဲလို့ မေးမြန်းချိန် အလီဆင်က “ကလော့ပ်လက်အောက်ကစားဟန်နဲ့ အလွန်တူညီတယ်လို့တော့ ကျွန်တော် မထင်ပါဘူး။ ကစားသမားအချို့လည်း အခုအချိန်အထိ အသင်းမှာ ဆက်ရှိနေပါသေးတယ်။ ဒါပေမယ့် ဘောလုံးပိုင်ဆိုင်မှုပိုမိုအသာစီးရယူပြီး မတူညီတဲ့ကစားဟန်တစ်ခု ကျွန်တော်တို့မှာ ရှိပါတယ်။ ဒီမတိုင်ခင်အချိန်တွေမှာတုန်းကတော့ ဘောလုံးကို ခွန်အားအပြည့်နဲ့ တိုက်စစ်တိုက်ရိုက်ကစားဟန်ကို အမှန်တကယ်ကျင့်သုံးခဲ့ပါတယ်”လို့ ပြောပါတယ်။
ပရီးမီးယားလိဂ်အမှတ်ပေးဇယားဦးဆောင်သူတွေက ဒီညမှာ ဝက်စ်ဟမ်းနဲ့ အဝေးကွင်းပွဲစဉ်ကို ယှဉ်ပြိုင်ကစားသွားရပါမယ်။