The network connection is lost.

Banner Image

ရီးရဲလ်မက်ဒရစ်ရဲ့ ချဉ်းကပ်လာမှုနဲ့ပတ်သက်လို့ တုံ့ပြန်လာတဲ့ လီဗာပူးနောက်ခံလူ အာနိုးလ်

ရီးရဲလ်မက်ဒရစ်ရဲ့စိတ်ဝင်စားမှုကို ရရှိထားပေမယ့် အာနိုးလ်အနေဖြင့် နောက်ထပ်တစ်ရာသီ လီဗာပူးမှာ ဆက်ရှိနေဖို့ ကြံရွယ်ထားတယ်လို့ သတင်းတွေမှာ ဖော်ပြလာပါတယ်။

၂၀၁၆ ခုနှစ်မှာ စီနီယာအဆင့်ကစားသမားအဖြစ် ပွဲထွက်နိုင်ခဲ့တဲ့ အသက်-၂၅ နှစ်အရွယ် ကစားသမားက လီဗာပူးအသင်းနဲ့အတူ ချန်ပီယံလိဂ်၊ ပရီးမီးယားလိဂ်ချန်ပီယံဆုတွေအပါအဝင် အဓိကမေဂျာဆုဖလား ခုနစ်လုံးကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ လက်ရှိမှာ အာနိုးလ်က အန်ဖီးလ်နဲ့စာချုပ်သက်တမ်းတစ်နှစ်သာ ကျန်ရှိပြီး စာချုပ်သစ် ချုပ်ဆိုနိုင်ရေး ကလပ်အသင်းနဲ့ သဘောတူညီမှုတစုံတရာမရရှိသေးပါဘူး။

လွန်ခဲ့တဲ့ရက်သတ္တပတ်အတွင်း ထွက်ပေါ်လာတဲ့ သတင်းတွေမှာ ရီးရဲလ်မက်ဒရစ်က အာနိုးလ်ကို ခေါ်ယူဖို့ အလွန်အမင်းစိတ်ဝင်စားနေပြီး အင်္ဂလန်လက်ရွေးစင်ဆီ ချဉ်းကပ်မှုတစ်ခုပြုလုပ်ခဲ့တယ်လို့ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် The Sun သတင်းစာရဲ့အဆိုအရ အာနိုးလ်က လီဗာပူးနည်းပြသစ် အန်းစလော့နဲ့အတူ ဘောလုံးရာသီသစ်အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်ထားပြီး လာမယ့်ဘောလုံးရာသီမှာ အသင်းနဲ့အတူ ဆက်ရှိနေရန် ကတိကဝတ်ပြုထားတယ်လို့ သိရပါတယ်။

ဒီသတင်းမှာပဲ လီဗာပူးက ရီးရဲလ်မက်ဒရစ်ရဲ့အာနိုးလ်အပေါ်စိတ်ဝင်စားမှုတွေကို ကာကွယ်ရန် ကစားသမားဆီ စာချုပ်သစ်ကမ်းလှမ်းဖို့ စီစဉ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

The Sun သတင်းစာရဲ့ သတင်းရင်းမြစ်တစ်ဦးက “ယူရိုပြိုင်ပွဲမတိုင်ခင်ကတည်းက အာနိုးလ်နဲ့ နည်းပြသစ်အကြား စကားပြောပြီးသွားပါပြီ။ အခုထိလည်း အဆက်အသွယ်မပြတ်ရှိနေပါတယ်။ သိပ်မကြာသေးခင်ကပဲ သူတို့နှစ်ဦးအကြား အတော်လေးကောင်းမွန်တဲ့ဆွေးနွေးမှုတစ်ခုရှိခဲ့ပေမယ့် အန်းစလော့က အာနိုးလ်အနေဖြင့် ယူရိုပြိုင်ပွဲကြီးကို အာရုံစိုက်ထားဖို့ လိုအပ်နေခဲ့မှုအပေါ် အပြည့်အ၀ လေးစားပေးခဲ့ပါတယ်။ ကျန်ကစားသမားတွေလိုပဲ အာနိုးလ်လည်း ဒီလိုလန်းဆန်းသစ်လွင်တဲ့စတင်မှုတစ်ခုကို မြင်တွေ့ထားပါတယ်။ သူကိုယ်တိုင် အောင်မြင်မှုရယူရမယ့်ရာသီသစ်အတွက် အခြေခံအုတ်မြစ်ချထားနိုင်ရေး အသင်းနဲ့အတူ လေ့ကျင့်ခန်းပြန်ဆင်းဖို့ စိတ်လှုပ်ရှားနေပါတယ်။ အာနိုးလ်က အခုလာမယ့်ဘောလုံးရာသီအတွက် အသေအချာကတိကဝတ်ပြုထားပါတယ်။ ဒီနောက်ပိုင်းမှာလည်း အသင်းမှာ အာနိုးလ်ဆက်ရှိနေဖို့ ကြီးမားတဲ့ကမ်းလှမ်းမှုတစ်ခု ရှိလာပါလိမ့်မယ်။ အသင်းမှာရှိကြသူတိုင်း အာနိုးလ်အပေါ် လေးစားမှုအပြည့်ရှိပြီး သူ့ကိုဆက်ထိန်းထားနိုင်ရေး ဘာပဲဖြစ်ဖြစ် လုပ်ဆောင်သွားပါလိမ့်မယ်”လို့ ပြောပါတယ်။