The network connection is lost.

Banner Image

ဂတ်ပိုရဲ့ကြံ့ခိုင်မှုနောက်ဆုံးအခြေအနေကို ထုတ်ဖော်ပြောပြလာတဲ့ အန်းစလော့

ပီအက်စ်ဂျီနဲ့ ရင်ဆိုင်ရမယ့် လီဗာပူးရဲ့ချန်ပီယံလိဂ်ပွဲစဉ်အတွက် ဂတ်ပို ပါဝင်ကစားနိုင်မလားဆိုတဲ့မေးခွန်းကို အန်းစလော့က အခုအချိန်အထိ မဆုံးဖြတ်ရသေးဘူးလို့ပဲ ဖြေကြားခဲ့ပါတယ်။ ဂတ်ပိုက ဒဏ်ရာပြဿနာတစ်ခုနဲ့အတူ ပြီးခဲ့တဲ့လ၊ ပရီးမီးယားလိဂ်နှစ်ပွဲဆက် လွဲချော်ခဲ့ပြီးနောက် အသင်းရဲ့ပွဲစဉ်တွေဆီ ပြန်လာနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကြိုးကြာနီနည်းပြအန်းစလော့က လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာပြဿနာတစ်ရပ်နဲ့ ရင်ဆိုင်ခဲ့ရပြီးနောက် တောင်ပံကစားသမားအနေဖြင့် ဗုဒ္ဓဟူးနေ့၊ ပြင်သစ်ဘီလူးကြီးနဲ့ ရင်ဆိုင်ရမယ့်ပွဲစဉ်အတွက် ကြံ့ခိုင်မှုပြည့်ဝနေခြင်းရှိ၊မရှိဆိုတာ အတော်လေးခက်ခက်ခဲခဲဆုံးဖြတ်ရလိမ့်မယ်လို့ ပြောဆိုခဲ့ပါတယ်။

အန်းစလော့က “ ဂတ်ပိုပြန်ကစားနိုင်ဖို့ အတော်လေးနီးစပ်နေခဲ့ပေမယ့် ကံမကောင်းစွာနဲ့ပဲ သူက လေ့ကျင့်ကွင်းမှာ ကန်ချက်တစ်ခုကို ပိတ်ဆို့ကာကွယ်ပြီးနောက် နာကျင်မှုကို ပြန်လည်ခံစားခဲ့ရပါတယ်။ အသင်းမှာ သူပါဝင်လာနိုင်မလားဆိုတာကို မနက်ဖြန်(ဗုဒ္ဓဟူးနေ့)အထိ လေ့လာအကဲဖြတ်သွားရပါလိမ့်မယ်။ ဂတ်ပိုနဲ့ပတ်သက်ပြီး နောက်ဆုံးအချိန်ကျမှ ဆုံးဖြတ်နိုင်ပါလိမ့်မယ်”လို့ သတင်းထောက်တွေဆီ ပြောပါတယ်။ ဂတ်ပိုက အခုရာသီ၊ လီဗာပူးအသင်းရဲ့အကောင်းဆုံးကစားသမားတွေအနက် တစ်ဦးဖြစ်လာခဲ့ပြီး အသင်းအတွက် ၃၈ ပွဲကစား၊ ၁၆ ဂိုးသွင်းယူကာ ငါးကြိမ် ဂိုးဖန်တီးပေးခဲ့ပါတယ်။

လက်ရှိမှာ လီဗာပူးအသင်းက အခုညပိုင်း၊ ချန်ပီယံလိဂ် ၁၆ သင်းရှုံးထွက်ပထမအကျော့ပွဲစဉ်အဖြစ် ပါရီမြေမှာ ပီအက်စ်ဂျီနဲ့ရင်ဆိုင်ရမယ့် ပွဲကြီးပွဲကောင်းအတွက် လေ့ကျင့်ပြင်ဆင်နေပါတယ်။