The network connection is lost.

Banner Image

ဘာစီလိုနာနဲ့ စာချုပ်ကိစ္စထက် သမိုင်းဝင် ဖလားသုံးလုံး ရယူရေးကိုသာ အာရုံစိုက်ထားတဲ့ ဟန်စီဖလစ်ခ်

ဘာစီလိုနာနည်းပြ ဟန်စီဖလစ်ခ်က စာချုပ်ကိစ္စနဲ့ဆိုင်တဲ့ သတင်းတွေကို လျစ်လျူရှုထားပြီး ဒီရာသီ ဘာစီလိုနာအသင်းကို သမိုင်းဝင် ဖလား ရယူနိုင်အောင်သာ အာရုံစိုက်ထားတယ်လို့ ပြောကြားခဲ့ပါတယ်။

ဂျာမန်နည်းပြဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဇာဗီ နေရာကို ဝင်ရောက်လာခဲ့ပြီးနောက်ပိုင်း ကတ္တလန်ကလပ်မှာ စွမ်းဆောင်ရည်ကောင်းပြနိုင်ခဲ့ပါတယ်။  လာလီဂါမှာ ရီးရဲလ်မက်ဒရစ်ကို လေးမှတ်ဖြတ် အသာရနေပြီး စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲကိုလည်း တက်ရောက်နိုင်ခဲ့ပါတယ်။ 
ချန်ပီယံလိဂ် ကွာတားဖိုင်နယ်မှာတော့ ဒေါ့မွန်ကို ပထမအကျော့မှာ ၄-၀ နဲ့ အနိုင်ရရှိထားပါတယ်။

ဒီလို အထင်ကြီးစရာ စွမ်းဆောင်ရည်တွေကြောင့် ဘာစီလိုနာအသင်းတာဝန်ရှိသူတွေဟာ ၂၀၂၆ ခုနှစ်မှာ ကုန်ဆုံးမှာဖြစ်တဲ့ စာချုပ်ကို သက်တမ်းတိုးမြှင့်ဖို့ စိတ်အားထက်သန်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။  ဒါပေမယ့် ဖလစ်ခ်ကတော့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို ချက်ချင်းဆွေးနွေးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။ ဖလစ်ခ်က"ကျွန်တော် အံ့အားသင့်ပြီး ပျော်ရွှင်မိပါတယ်၊ ဒီမှာ ကျွန်တော့်အတွက် အလွန်ကောင်းမွန်တဲ့ ဝန်ထမ်းတွေ၊ ကျွမ်းကျင်သူတွေနဲ့ ဆရာဝန်တွေရှိတယ်။ နေ့စဉ်တိုးတက်အောင် ကြိုးစားတဲ့ စိတ်ဓာတ်ရှိတဲ့ ပရော်ဖက်ရှင်နယ် ကစားသမားတွေ၊ ဒါဟာ ကျွန်တော့်ရဲ့ အသက်မွေးဝမ်းကျောင်းမှာ အတုမရှိတဲ့ အရာတစ်ခုပါ။ ကျွန်တော့်မှာ စွမ်းအင်တွေ အများကြီးရှိပြီး ဘယ်လိုတိုးတက်အောင် လုပ်ရမလဲဆိုတာကို စဉ်းစားနေပါတယ်၊ ဒါပေမယ့် အခု ဒီစီမံကိန်းကို စတင်နေဆဲပါ။

 နောက်သုံးနှစ်အကြောင်း စဉ်းစားတဲ့ နည်းပြမျိုး မဟုတ်ပါဘူး။ ကျွန်တော်ကြိုက်တာက ကမ္ဘာ့အကောင်းဆုံး ကလပ်အသင်းအတွက် အလုပ်လုပ်တာပါ၊ ပြီးတော့ ကျွန်တော်တို့မှာ ရှိတဲ့အရာတွေကို တန်ဖိုးထားပါတယ်။ ကလပ်အသင်းရဲ့ အခြေအနေက မလွယ်ကူပေမယ့် အားလုံးက အကောင်းဆုံး ကြိုးစားနေကြပါတယ်။"လို့ ပြောခဲ့ပါတယ်။ ဖလစ်ခ်က သူ့ရဲ့ လက်ရှိစာချုပ်အခြေအနေနဲ့ ဦးစားပေးရမယ့် ကိစ္စတွေကို အလေးပေးပြောကြားခဲ့ပါတယ်။ 
"အခုအခြေအနေက ဒီလိုပါပဲ။ ကျွန်တော့်မှာ တစ်နှစ် စာချုပ်သက်တမ်း ကျန်ပါသေးတယ်၊ အရာအားလုံး အဆင်ပြေသွားရင် နောက်ထပ်တစ်နှစ် ကျန်ပါသေးတယ်။ ဒါက ကျွန်တော့်ရဲ့ တွေးခေါ်ပုံပါ။ တစ်ဆင့်ချင်းစီ၊ တစ်နှစ်ချင်းစီပေါ့။ ကျွန်တော်တို့ အလုပ် မပြီးသေးဘူးလို့ ထင်ပါတယ်။ နောက်ဆုံးမှာ ဘယ်လောက် အချိန်ကျန်ဦးမလဲဆိုတာ မသိပေမယ့် ကျွန်တော့် အလုပ်ကို ကောင်းမွန်စွာ ပြီးမြောက်ချင်ပါတယ်။ ဒါ့အပြင် ကျွန်တော့်ရဲ့ လက်ထောက်တွေလည်း ပျော်ရွှင်ကြပါတယ်။ ရာသီအတွက် အာရုံစိုက်ရမယ်၊ ဘာလို့လဲဆိုတော့ လုပ်စရာတွေ အများကြီးရှိသေးတယ်။"လို့ ဖလစ်ခ်က ဆိုပါတယ်။

ဘာစီလိုနာအသင်းဟာ ဒီနေ့ညမှာ လီဂါနက်စ်နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး လာလီဂါ ချန်ပီယံဆုအတွက် အမှတ်ထပ်ဖြတ်နိုင်ဖို့ မျှော်လင့်နေပါတယ်။