အသင်းရဲ့အဆင့်အတန်းနဲ့ပတ်သက်ပြီး ဘာစီလိုနာစတားတွေကို သတိပေးလိုက်တဲ့ မက်ဆီ
ဘာစီလိုနာဂန္ထဝင်ဟောင်း မက်ဆီက အသင်းရဲ့အဆင့်အတန်းနဲ့ပတ်သက်ပြီး လက်ရှိဘာစီလိုနာစတားတွေကို သတိပေးပြောကြားလိုက်ပါတယ်။ အာဂျင်တိုင်းသားဟာ ဘာစီလိုနာအသင်းနဲ့အတူ အောင်မြင်မှုများစွာရယူနိုင်ခဲ့တာဖြစ်ပြီး ဂိုးပေါင်း ၆၇၂ ဂိုးအထိလည်း သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒါ့အပြင် ဘာစီလိုနာနဲ့အတူ လာလီဂါ ၁၀ ကြိမ် ၊ ချန်ပီယံလိဂ် ၄ ကြိမ် နဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၃ ကြိမ်ရယူနိုင်ခဲ့ပါတယ်။ အဆိုပါအောင်မြင်မှုတွေအပြင် ခြေစွမ်းကောင်းတွေကြောင့် သမိုင်းတစ်လျှောက် ကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ဦးအဖြစ် သတ်မှတ်ခံထားရတာဖြစ်ပါတယ်။
လက်ရှိမေဂျာလိဂ်မှာလည်း အင်တာမိုင်ယာမီအသင်းနဲ့အတူ စွမ်းဆောင်ရည်ကောင်းတွေပြသနေပြီး ၄၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။ အသင်းကနေထွက်ခွာခဲ့ပေမယ့်လည်း မက်ဆီဟာ ဘာစီလိုနာကို စောင့်ကြည့်နေဆဲဖြစ်ကာ လက်ရှိရာသီနဲ့ပတ်သက်ပြီး “ကျွန်တော်အသင်းကို အမြဲတမ်းအောင်မြင်ဖို့ပဲ မျှော်လင့်တာပါ။ ကမ္ဘာကြီးကလည်း လည်ပတ်နေသလို ကျွန်တော်တို့ကလည်း ရာသီတစ်ခုမဆုံးခင်အထိ ဆုဖလားတွေအတွက် အမြဲတမ်းတိုက်ပွဲဝင်ရမှာပါ။ ဘာစီလိုနာကစားသမားတစ်ဦးအနေနဲ့ ဒုတိယနေရာနဲ့ဘယ်တော့မှကျေနပ်နေလို့မရပါဘူး။ ဘာလို့လဲဆိုတော့ အသင်းဝန်ထမ်းတွေ နဲ့ ပရိသတ်တွေက ခင်ဗျားဆီကနေ အများကြီးတောင်းဆိုနေတာပါ။
ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်တာကြောင့် တောင်းဆိုမှုကလည်း အရမ်းမြင့်မားပါတယ်။ ကျွန်တော် ဘာစီလိုနာကို လာလီဂါ ၊ လိဂ်ဖလား နဲ့ ချန်ပီယံလိဂ်ရတာကို မြင်ချင်ပါတယ်။ ဒီနှစ်တွေထဲမှာကျွန်တော်တို့ မလုပ်နိုင်ခဲ့ပေမယ့် အဆုံးသတ်မတိုင်ခင်အထိတော့ တိုက်ပွဲဝင်ဖို့ လိုအပ်ပါတယ်”လို့ မက်ဆီက ပြောကြားခဲ့ပါတယ်။
ဘာစီလိုနာဟာ လက်ရှိလာလီဂါအမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နေပေမယ့် ရီးရဲလ်အသင်းနဲ့ ၄ မှတ်သာ ကွာဟတော့တာဖြစ်ပါတယ်။ ဖလစ်ရဲ့အသင်းဟာ ချန်ပီယံလိဂ်မှာတော့ ၅ ပွဲမှာ ၄ ပွဲအထိ အနိုင်ရရှိထားကာ ဥရောပဖလားရယူနိုင်ဖို့ ပစ်မှတ်ထားနေပါတယ်။