
နီကာဆာနဲ့ လိဂ်ဖလားပွဲစဉ်မှာ ဒဏ်ရာရရှိသွားခဲ့တဲ့ မက်ဆီ
အင်တာမိုင်ယာမီအသင်းနဲ့ နီကာဆာအသင်းတို့ ယှဉ်ပြိုင်ကစားခဲ့တဲ့ လိဂ်ဖလားပွဲမှာ လီယွန်နယ်မက်ဆီဟာ ပွဲအစောပိုင်းမှာ ဒဏ်ရာရရှိခဲ့တာကြောင့် ကွင်းထဲကနေ ထွက်ခွာခဲ့ရပါတယ်။ အဆိုပါပွဲစဉ်ကိုတော့ အင်တာမီယာမီအသင်းက ပင်နယ်တီအဆုံးအဖြတ်မှာ ၅-၄ ဂိုးနဲ့ အနိုင်ရရှိခဲ့ပါတယ်။ ချေ့စ်ကွင်းမှာ ကစားခဲ့တဲ့ ပွဲစဉ်အစပိုင်းမှာ မက်ဆီဟာ ဒဏ်ရာရရှိခဲ့တာကြောင့် ၁၁ မိနစ်မှာ လူစားလဲခဲ့ရပါတယ်။
မက်ဆီဟာ ဘောလုံးထိန်းပြီး ဂိုးဘက်ဦးတည်ဆွဲပြေးလာစဉ် ကစားသမားအချို့ ဝိုင်းဝန်းပိတ်ဆို့တာခံခဲ့ရပြီးနောက် မြေပြင်ပေါ်လဲကျခဲ့ပြီးနောက် အင်တာမိုင်ယာမီဆေးအဖွဲ့က ကုသပေးခဲ့ရပါတယ်။ မက်ဆီဟာ ညာဘက်ပေါင် (သို့) ပေါင်ခြံမှာ ဒဏ်ရာရရှိပုံရပြီး ခဏအကြာမှာ ကွင်းထဲကနေ လမ်းလျှောက်ထွက်ခွာကာ ဆက်လက်စစ်ဆေးမှုတွေပြုလုပ်ဖို့အတွက် လိုဏ်ခေါင်းထဲဝင်သွားခဲ့ပါတယ်။
ပွဲအပြီးမှာ နည်းပြ ဟာဗီယာမက်ရှေရာနိုက "မက်ဆီက မအီမသာဖြစ်နေတယ်၊ ဒဏ်ရာက ဘယ်လောက်ပြင်းထန်လဲဆိုတာ မနက်ဖြန်မှသိရမှာပါ။ တစ်ခုခုတော့ဖြစ်ပုံရပါတယ်။ နာကျင်မှုသိပ်မရှိခဲ့တာကြောင့် အရမ်းကြီးတော့ မပြင်းထန်လောက်ဘူးလို့ ယူဆရပါတယ်။ ဒါပေမဲ့ ခံစားမှုတော့ရှိခဲ့ပါတယ်" လို့ပြောကြားခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းကလည်း မက်ဆီဟာ ပေါင်ကြွက်သား အနည်းငယ်ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် မတ်လမှာ ကစားခဲ့တဲ့ အာဂျင်တီးနားအသင်းရဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲတွေမှာ ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပါဘူး။