
ပြိုင်ဘက်အသင်းလက်ထောက်နည်းပြရဲ့ လည်ပင်းကို ဆုပ်ကိုင်ခဲ့လို့ မက်ဆီ ဒဏ်ရိုက်ခံရ
အင်တာမီယာမီစူပါစတား လီယွန်မက်ဆီဟာ နယူးယောက်စီးတီးနဲ့ ၂ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်အပြီးမှာ ပြိုင်ဘက်အသင်းရဲ့လက်ထောက်နည်းပြ မက်ဒီဘယ်လူချီရဲ့ လည်ပင်းကို ဆုပ်ကိုင်ခဲ့တာကြောင့် မေဂျာလိဂ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ဒဏ်ရိုက်ခံထားရတယ်လို့သိရပါတယ်။
ပွဲပြီးဆုံးချိန်မှာ မက်ဆီဟာ ဘယ်လူချီရဲ့လည်ပင်းကို နောက်ကနေဆုပ်ကိုင်ခဲ့တာဖြစ်ပြီး ဘယ်လူချီအနေနဲ့ သဘောကျပုံမရခဲ့ပေမယ့် တစ်စုံတစ်ရာပြန်လည်တုံ့ပြန်ခဲ့ခြင်းတော့မရှိခဲ့ပါဘူး။သတင်းစာရှင်းလင်းပွဲမှာ မက်ဆီနဲ့ ဘယ်လူချီတို့အကြား ဘာဖြစ်ခဲ့သလဲဆိုတာကို မေးမြန်းခဲ့ရာ အင်တာမီယာမီနည်းပြ မာရှေယာနိုက "ကျွန်တော်ဒီအကြောင်းကို သေချာမသိပါဘူး။ ကွင်းထဲမှာဖြစ်နေတဲ့အခြေအနေတွေကိုသိဖို့က ခက်ပါတယ်။တစ်ခါတစ်ရံမှာ ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေကြောင့် ကစားသမားတွေအနေနဲ့ မှားတာကိုလုပ်နေရင်း မှန်နေတယ်လို့လည်း ထင်မိတတ်ပါတယ်။ ဒါပေမယ့်အဆုံးမှာတော့ ဘောလုံးမှာ ကစားသမားတွေရဲ့စိတ်ခံစားချက်ကို နားလည်တတ်ဖို့လိုပါတယ်"
"ဒီလိုနားလည်နိုင်ဖို့ဆိုရင် ကျွန်တော်တို့က ကွင်းထဲမှာဝင်ကစားနေမှပဲသိပါလိမ့်မယ်။ အဝေးကနေလှမ်းကြည့်ရင်တော့ သေချာသိနိုင်ဖို့ခက်ခဲပါတယ်။တစ်ခါတလေမှာ စိတ်ထိန်းနိုင်ဖို့ခက်ပါတယ်။ ဒီလိုအခြေအနေမျိုးက ပွဲစဉ်တိုင်းမှာဖြစ်နိုင်တဲ့အခြေအနေမျိုးပါ။ ကျွန်တော်တို့အာဂျင်တီးနားမှာဆိုရင်တော့ ကွင်းထဲကကိစ္စကို ကွင်းထဲမှာပဲရှင်းပါတယ်။ ပြီးရင်တော့ မေ့ထားလိုက်ပြီး နောက်ပွဲအတွက်ပြင်ဆင်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
တစ်ချိန်တည်းမှာပဲ မက်ဆီနဲ့အတူ အသင်းဖော် လူးဝစ်ဆွာရက်ဇ်ကလည်း ပြိုင်ဘက်ကစားသမား ဘက်ခ်ရီဆာရဲ့လည်ပင်းကို ဆုပ်ကိုင်ခဲ့လို့ ဒဏ်ရိုက်ခံထားရပါတယ်။ သို့သော်လည်း မက်ဆီနဲ့ ဆွာရက်ဇ်တို့ ၂ ဦးစလုံးဟာ ဒဏ်ရိုက်ခံရရုံသက်သက်သာဖြစ်လို့ လာမယ့် ဟူစတန်ဒိုင်နမိုနဲ့ပွဲစဉ်မှာတော့ ပုံမှန်အတိုင်း ပါဝင်ကစားခွင့်ရထားတယ်လို့သိရပါတယ်။
ဟူစတန်နဲ့ပွဲစဉ်ကစားဖို့ တက္ကဆက်သို့ခရီးမထွက်ခွာမီ အင်တာမီယာမီဟာ လိဂ်ဖလားပွဲစဉ်ဒုတိယအကျော့အဖြစ် စပို့တင်းကန်းဆက်ကို အိမ်ကွင်းမှာ ဧည်ခံကစားပြီး ၃-၁ နဲ့အနိုင်ရရှိကာ နှစ်ကျော့ပေါင်းရလဒ် ၄-၁ နဲ့နောက်တစ်ဆင့်သို့တက်ရောက်ထားနိုင်ပါတယ်။ ပထမအကျော့မှာတုန်းက အင်တာမီယာမီဟာ စပို့တင်းကန်းဆက်ကို မက်ဆီရဲ့တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရရှိထားတာဖြစ်ပါတယ်။