The network connection is lost.

Banner Image

ပြီးခဲ့တဲ့ဘောလုံးရာသီထက် ဘာစီလိုနာအတွက် ဂိုးတွေ ပိုသွင်းယူနိုင်ဖို့ ယုံကြည်နေတဲ့ လီဝန်ဒေါစကီး

လာလီဂါဘောလုံးရာသီသစ်စတင်ဖို့ နီးကပ်လာချိန်မှာပဲ စိတ်ဓါတ်ပိုင်းလန်းဆန်းတက်ကြွနေတဲ့ ဘာစီလိုနာတိုက်စစ်မှူး လီဝန်ဒေါစကီးက ကလပ်အသင်းအတွက် ၂၀၂၃-၂၀၂၄ ဘောလုံးရာသီထက် ဂိုးတွေ ပိုမိုသွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်မှုရှိနေကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

လီဝန်ဒေါစကီးက ပြီးခဲ့တဲ့ဘောလုံးရာသီမှာ ဘာစီလိုနာအသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်ဖြစ်ခဲ့ပါတယ်။ သူက ဇာဗီလက်အောက် ၃၅ ပွဲအထိ ပါဝင်ကစားပြီး လာလီဂါသွင်းဂိုး ၁၉ ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပိုလန်လက်ရွေးစင်တိုက်စစ်မှူးက အခုဘောလုံးရာသီသစ်မှာ ဒီသွင်းဂိုးအရေအတွက်ကို ကျော်ဖြတ်နိုင်မယ်လို့ ခြွင်းချက်မရှိယုံကြည်နေပါတယ်။

“ကျွန်တော်ကတော့ ပြီးခဲ့တဲ့ဘောလုံးရာသီထက် ဂိုးတွေ ပိုမိုသွင်းယူနိုင်လိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီက ကျွန်တော့်အတွက်ရော၊ ကလပ်အသင်းအတွက်ပါ အရမ်းကောင်းတဲ့ ရာသီတစ်ခု မဖြစ်လာခဲ့ပါဘူး။ ကျွန်တော် ဟန်စီဖလစ်ခ်အကြောင်း ကောင်းကောင်းသိပါတယ်။ သူဆီမှာ စိတ်ကူးအသစ်တွေ ရှိနေပြီး ဒီလိုအရာတွေကို အသင်းမှာဖော်ဆောင်နိုင်ရေးအတွက် အချိန်အတိုင်းအတာတစ်ခု လိုအပ်ပါလိမ့်မယ်။ သူလည်း အကောင်းဆုံးလုပ်နေတာပါ။ အရေးအကြီးဆုံး အရာကတော့ သူက အသင်းကို တိုက်စစ်ကစားဟန်ဖြင့် ကစားစေမယ်လို့ ကတိကဝတ်ပြုထားတာပါပဲ။ ဒါက တိုက်စစ်မှူးတွေအတွက် အကျိုးကျေးဇူးရှိပါတယ်”လို့ လီဝန်ဒေါစကီးက သတင်းထောက်တွေကို ပြောပြလိုက်ပါတယ်။

ဒါ့အပြင် “လီဝန်ဒေါစကီးက လာလီဂါချန်ပီယံဆုအတွက် အမ်ဘာပေကို ခေါ်ယူထားတဲ့ ရီးရဲလ်မက်ဒရစ်ကို ဘာစီလိုနာအသင်း စိန်ခေါ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပြန်ပါတယ်။  သူက ရီးရဲလ်မက်ဒရစ်က ချန်ပီယံလိဂ်နဲ့ လာလီဂါချန်ပီယံဆုတွေကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့လည်း သူတို့နဲ့ရင်ဆိုင်ယှဉ်ပြိုင်ဖို့ အဆင်သင့်ဖြစ်နေပါပြီ။ ဒါက ကျွန်တော်တို့အတွက် စိန်ခေါ်မှုတစ်ခု ဖြစ်ပါတယ်။ အမ်ဘာပေက ကျွန်တော့်လိုတိုက်စစ်မှူးမျိုးမဟုတ်ပါဘူး။ သူ့ရဲ့ကစားဟန်က တစ်မျိုးတစ်ဘာသာဖြစ်ပါတယ်။ ဒါပေမယ့် သူနဲ့ယှဉ်ပြိုင်ဖို့က ကျွန်တော့်ကို စိတ်အားတက်ကြွစေပါတယ်”လို့ ပြောပါတယ်။

ဘာစီလိုနာက အမေရိကန်ရာသီကြိုခရီးစဉ်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဆုံတွေ့ရဖို့ရှိပေမယ့် အခုပွဲစဉ်ကို အမ်ဘာပေ ပါဝင်ကစားနိုင်ဖို့ မရှိပါဘူး။ ပြင်သစ်စတားက အခုခရီးစဉ်မှာ သူ့ရဲ့အသင်းသစ်နဲ့အတူ မပါဝင်လာခဲ့ပါဘူး။