The network connection is lost.

Banner Image

ချဲလ်ဆီးအသင်းထံ ပြောင်းရွှေ့ပြီးနောက် စိတ်လှုပ်ရှားနေတဲ့ လက်စတာစတား ဟော

ချဲလ်ဆီးအသင်းထံ အပြီးသတ်ပြောင်းရွှေ့ပြီးနောက် လက်စတာစတားဟောင်း ဟောတစ်ယောက် စိတ်လှုပ်ရှားနေကာ အသင်းဖော်ဟောင်း ဘန်ချီဝဲလ်နဲ့နှုတ်ဆက်ခဲ့ပြီး ဖြစ်ပါတယ်။ လက်စတာကွင်းလယ်လူဟောင်း ချဲလ်ဆီးနဲ့ ၆ နှစ်စာချုပ် ချုပ်ဆိုခဲ့ပြီး ပြီးခဲ့တဲ့ရာသီတုန်းက လက်စတာကို ပရီးမီးယားလိဂ်တန်းတက်အောင် ကူညီပေးနိုင်ခဲ့ပါတယ်။

ဟောကတော့ ချဲလ်ဆီးမှာ လက်စတာနည်းပြဟောင်း မာရက်စ်ကာနဲ့ပြန်လည် ပေါင်းဆုံရမှာဖြစ်ကာ ပေါင်သန်း ၃၀ နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ လက်စတာ စတားဟောင်းဟာ အသင်းအတွက် ၄၄ ပွဲ ပါဝင်ကစားပေးထားခဲ့ကာ ၁၂ ဂိုးသွင်း ၊ ၁၂ ဂိုး ဖန်တီးပေးနိုင်ခဲ့ပါတယ်။

“ချဲလ်ဆီးကစားသမား အနေနဲ့ ဒီမှာထိုင်ရတာ အရမ်းကောင်းပါတယ်။ ဒီအသင်းကိုကြည့်ရင်း ကြီးပြင်းလာခဲ့တာဖြစ်သလို တစ်နေ့မှာ ဒီအသင်းအတွက်ကစားပေးခွင့်ရဖို့ မျှော်လင့်ခဲ့တာပါ။ အခုတော့ ဒီနေရာမှာရှိခွင့်ရလို့ ပျော်ပါတယ်။ ဒီအသင်းနဲ့အတူကစားခွင့်ရဖို့ မစောင့်နိုင်အောင်ဖြစ်နေပါပြီ”လို့ ဟောက ပြောကြားခဲ့ပါတယ်။

ဟောဟာ ချဲလ်ဆီးမှာ လက်စတာအသင်းဖော်ဟောင်း ဘန်ချီဝဲလ်နဲ့ပြန်လည် ပေါင်းဆုံခဲ့ပြီဖြစ်ကာ လက်မှတ်ထိုးပြီးနောက် လေ့ကျင့်ရေးကွင်းမှာ ဓာတ်ပုံအတူတူရိုက်ခဲ့ပါတယ်။ မာရက်စ်ကာလက်အောက်မှာ ဟောက ချဲလ်ဆီးရဲ့ ၄ ယောက်မြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။

“ကျွန်တော် နည်းပြတစ်ဦးအနေနဲ့ ပြောချင်တာက သူက တကယ့်အံ့ဖွယ်ပါ။ လက်စတာကို ပြီးခဲ့တဲ့ရာသီတုန်းက သူလုံးဝပြောင်းလဲပေးခဲ့တာပါ။ ကျွန်တော်တို့ အတူတူအလုပ်လုပ်ခဲ့တာပါ။ ပုဂ္ဂိုလ်ရေးအရ ကျွန်တော်သူ့ကိုချစ်ခင်သလို သူကစားတဲ့ စွမ်းဆောင်ရည်ကိုလည်း ချစ်ပါတယ်။ အခြားကောင်လေးတွေလည်း အကောင်းဆုံးလုပ်ခဲ့တာကို ကျွန်တော်သိပါတယ်။ ဒီမှာလည်း သူလက်စတာတုန်းကအတိုင်း စွမ်းဆောင်ပြနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ မာရက်စ်ကာက ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့် ၆ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပြီး စွမ်းဆောင်ရည်တွေကျဆင်းခဲ့တာဖြစ်ပါတယ်။ ဟောကတော့ လာမယ့်ရာသီမှာ ချဲလ်ဆီးအသင်းကို ဆုဖလားအောင်မြင်မှုရအောင် ကူညီပေးချင်နေပြီး ပြိုင်ဘက်တွေအတွက် ဒုက္ခပေးနိုင်တဲ့သူဖြစ်လာနိုင်လိမ့်မယ်လို့ ပြောကြားခဲ့ပါတယ်။

“လာမယ့်ရာသီမှာ ကျွန်တော်ဒီအသင်းနဲ့အတူ ဆုဖလားတွေ ရယူချင်ပါတယ်။ အဲ့တာက ကျွန်တော့်ရဲ့အဓိကပစ်မှတ်ပါ။ ဒီရာသီမှာ ပြိုင်ပွဲတွေအများကြီးကန်ရမှာဖြစ်ပြီး ဆုဖလားရဖို့က ကျွန်တော့်ရဲ့အဓိကပစ်မှတ်ပါ။ အသင်းအတွက် တတ်နိုင်သလောက် ကူညီပေးချင်ပါတယ်။ ဆုဖလားအများအပြားလည်း ရယူနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နည်းပြကလည်း ကျွန်တော်ဘယ်လိုကစားချင်လဲဆိုတာ သိပါတယ်။ အဲ့တာက ဒီအသင်းမှာကျွန်တော့်ကို အထိုင်ကျစေမှာပါ။ အသင်းမှာ အရည်အချင်းပြည့်ဝတဲ့ ကစားသမားတွေ အပြည့်ရှိနေပါတယ်။ မှန်ကန်တဲ့ အနေအထားသာဖြစ်မယ်ဆိုရင် ကျွန်တော်တို့က ပြိုင်ဘက်တွေကို ဒုက္ခပေးနိုင်ပါတယ်”လို့ ဟောက ပြောကြားခဲ့ပါတယ်။


ဟောကတော့ အဒါရာဘိုင်ယို ၊ ကယ်လီမန်း ၊ ဂူအီတို့ပြီးနောက် ချဲလ်ဆီးအသင်းရဲ့ ၄ ယောက်မြောက်ခေါ်ယူမှုဖြစ်လာခဲ့ပါတယ်။