
မာရက်စကာရဲ့ဆုံးဖြတ်ချက်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်ခဲ့တဲ့ လက်စတာအကြီးအကဲများ
အသင်းကို တစ်ရာသီသာကိုင်တွယ်ပြီး ထွက်ခွာဖို့ ရွေးချယ်ခဲ့တဲ့ မာရက်စ်ကာရဲ့ဆုံးဖြတ်ချက်ကို လက်စတာအသင်းအကြီးအကဲတွေ စိတ်ပျက်နေခဲ့ပါတယ်။ ယမန်နေ့မှာပဲ စတမ်းဖို့ဒ်ဘရစ်နည်းပြအဖြစ် ငါးနှစ်သက်တမ်းရှိစာချုပ်တစ်ရပ်နဲ့အတူ မာရက်စကာကို အတည်ပြုခန့်အပ်ခဲ့ပါတယ်။ သူက အင်္ဂလန်ဘောလုံးလောကဗွေဆော်ဦးဘောလုံးရာသီမှာပဲ လက်စတာအသင်းကို ချန်ပီယံရှစ်မှတန်းတက်နိုင်အောင် ဦးဆောင်ပေးခဲ့ပါတယ်။
လက်စတာဘက်ကတော့ နည်းပြသစ်တစ်ဦး ချက်ချင်းရှာဖွေသွားဖို့ ရှိနေပေမယ့် မာရက်စကာထွက်ခွာမှုနဲ့ပတ်သက်လို့ မကျေမလည်ဖြစ်နေပုံရပါတယ်။ အချိန်တိုလေးအတွင်းမှာပင် အသင်းမှထွက်ခွာဖို့ ရွေးချယ်ခဲ့တဲ့ အသက်-၄၄ နှစ်အရွယ်နည်းပြဖြစ်သူကို အသင်းထိပ်တန်းတာဝန်ရှိသူတွေ စိတ်ပျက်နေခဲ့ပါတယ်။ အချို့ဆိုရင် မာရက်စကာကိုယ်တိုင် ချဲလ်ဆီးနည်းပြရာထူးကို လိုလိုလားလားလက်ခံခဲ့တယ်လို့ ယူဆနေကြပါတယ်။
လွန်ခဲ့တစ်နှစ်တာကာလ၊ လက်စတာက သူ့ကိုခေါ်ယူခဲ့ချိန် လက်မှတ်ရေးထိုးခဲ့တဲ့ သုံးနှစ်သက်တမ်းရှိ စာချုပ်တစ်ရပ်မှာ စာချုပ်ဖျက်သိမ်းကြေးအဖြစ် ပေါင် ၁၀ သန်းသတ်မှတ်ထားတယ်ဆိုတဲ့ အချက်တစ်ခု ပါဝင်နေခဲ့ပါတယ်။ ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်း မာရက်စကာက ကွင်းပြင်ပကိစ္စရပ်အချို့နဲ့ပတ်သက်လို့ စိတ်ပျက်နေမိတယ်လို့ ပွင့်ပွင့်လင်းလင်းထုတ်ဖော်ပြောကြားခဲ့ဖူးပေမယ့် တန်းတက်ခွင့်ရရှိလာချိန်မှာ အများစုက အသင်းကို အင်္ဂလန်ထိပ်တန်းလိဂ်ပြိုင်ပွဲမှာ မာရက်စကာဦးဆောင်ပေးသွားဖို့ပဲ မျှော်လင့်နေခဲ့ပါတယ်။ ဒါပေမယ့် ဒီအရာတွေက ချဲလ်ဆီးနဲ့ ပိုချက်တီနိုလမ်းခွဲသွားပြီးနောက် အလုံးစုံပြောင်းလဲသွားခဲ့ပါတယ်။ အဲ့ဒီအချိန်မှစပြီး မာရက်စကာက ချဲလ်ဆီးနည်းပြသစ်ဖြစ်လာဖို့ ရေပန်းစားသူတစ်ဦး ဖြစ်လာပါတယ်။
လက်စတာရဲ့ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာမှုက အသုံးစရိတ်စည်းမျဉ်းချိုးဖောက်မှုအတွက် ရမှတ်လျှော့ပြစ်ဒဏ်ရင်ဆိုင်ရဖွယ်ရှိနေမှုအပါအဝင် စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရဖွယ် ရှိနေပါတယ်။ ဒါတွေက မာရက်စကာအတွက် ခေါင်းကိုက်စရာတွေ မဟုတ်တော့ဘဲ သူ့နေရာဆက်ခံမယ့်သူအတွက် အခက်အခဲတွေပဲ ဖြစ်လာပါလိမ့်မယ်။ လတ်တလောမှာ လက်စတာက မာရက်စကာရဲ့နေရာမှာ အစားထိုးဖို့အတွက် ဝက်စ်ဘရွန်းနည်းပြကော်ဘာရန်ကို စိတ်ဝင်စားနေပါတယ်။ ကော်ဘာရန်က ဘဏ္ဍာရေးအခြေအနေယိုင်နဲ့နေချိန်မှာတောင် ဝက်စ်ဘရွန်းကို အကောင်းဆုံးဆွဲတင်ပေးခဲ့သူ ဖြစ်ပါတယ်။
လက်စတာအသင်းရဲ့ထုတ်ပြန်ချက်တစ်ခုမှာ “သူ့ရဲ့ပထမဆုံးဘောလုံးရာသီအတွင်း တည်ဆောက်ခဲ့တဲ့ အခြေခံအုတ်မြစ်တွေနဲ့အတူ မာရက်စကာက ဒီအဆင့်မှာပဲ ကျွန်တော်တို့ရဲ့စီမံကိန်းနဲ့လမ်းခွဲဖို့ ဆုံးဖြတ်ခဲ့မှုနဲ့ပတ်သက်လို့ ကလပ်အသင်းအနေဖြင့် အလွန်စိတ်ပျက်မိပါတယ်။ ဒါပေမယ့် မာရက်စကာထွက်ခွာမှုနဲ့ ဘုတ်အဖွဲ့ချမှတ်ထားတဲ့ စည်းမျဉ်းတွေကိုက်ညီနေတာကြောင့် သူ့ရဲ့အနာဂတ်အတွက် ကြိုးပမ်းချက်တွေမှာ အကောင်းဆုံးဖြစ်လာပါစေလို့ပဲ ဆုတောင်းပေးပါတယ်။
၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွင်း ပရီးမီးယားလိဂ်ဆီ ချက်ချင်းဆိုသလို တန်းတက်နိုင်အောင် ကူညီပေးခဲ့တဲ့ မာရက်စကာရဲ့လုပ်ဆောင်မှုအတွက် ကလပ်အသင်းမှာရှိနေသူတိုင်းက ကျေးဇူးတင်ရှိနေပါလိမ့်မယ်။ အခုအချိန်မှာ အသင်းဘုတ်အဖွဲ့က ပရီးမီးယားလိဂ်ဆီ ပြန်လည်ရောက်ရှိလာတဲ့ လက်စတာအသင်းရဲ့ အောင်မြင်မှုတွေအတွက် ဦးဆောင်ပေးသွားနိုင်မယ့် နည်းပြသစ်တစ်ဦးခန့်အပ်နိုင်ရေးလုပ်ငန်းစဉ်တွေကို စတင်သွားရပါလိမ့်မယ်”လို့ ဖော်ပြခဲ့ပါတယ်။