အိမ်ကွင်းရှုံးပွဲကြုံတွေ့ခဲ့ရပေမယ့် စွမ်းဆောင်ရည်ပိုင်းနဲ့ပတ်သက်လို့ ပြဿနာမရှိဘူးလို့ ဆိုလိုက်တဲ့ ဟန်စီဖလစ်ခ်
အက်သလက်တီကိုမက်ဒရစ်ကို အိမ်ကွင်းမှာ ၁-၂ ဂိုးဖြင့် ရှုံးနိမ့်ခဲ့ပေမယ့် ဘာစီလိုနာနည်းပြဟန်စီဖလစ်ခ်က စိတ်အားထက်သန်မှုအပြည့် တုံ့ပြန်လာခဲ့ပါတယ်။
နောက်ဆုံးကစားခဲ့တဲ့လာလီဂါခုနစ်ပွဲမှာ တစ်ပွဲသာအနိုင်ရရှိမှုနဲ့အတူ ဘာစီလိုနာအသင်းက စပိန်ထိပ်တန်းလိဂ်ရဲ့ထိပ်ဆုံးနေရာကို စွန့်လွှတ်ကာ ၂၀၂၄ ခုနှစ်ကို နှုတ်ဆက်ပိတ်သိမ်းခဲ့ရပါတယ်။
အခုပွဲစဉ်ကို ဟန်စီဖလစ်ခ်က ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့ရပေမယ့် ပွဲစဉ်အပြီးသတင်းစာရှင်းလင်းပွဲမှာတော့ သူ့ရဲ့အမြင်ကို လွတ်လွတ်လပ်လပ်ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ဆော်လော့ရဲ့ နာကျင်အချိန်ပိုသွင်းဂိုးက ၂၀၀၆ ခုနှစ်နောက်ပိုင်း ကတ္တလန်မြေမှာ အက်သလက်တီကိုမက်ဒရစ်ကို ဘာစီလိုနာအသင်း ပထမဆုံးအကြိမ်ရှုံးနိမ့်မှု ဖြစ်တည်လာခဲ့ပါတယ်။
ဒီအတွက် ဖြစ်ပေါ်လာမယ့် စိန်ခေါ်မှုတွေကို ဟန်စီဖလစ်ခ်က ရှောင်လွှဲမနေဘဲ ရလဒ်ပိုင်းမှလွဲ၍ အသင်းရဲ့စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရမိတယ်လို့ ပြောကြားခဲ့ပါတယ်။
ဘိုင်ယန်မြူးနစ်နည်းပြဟောင်းက “ကျွန်တော်တို့တွေ သာမန်ထက်ထူးကဲတဲ့ပွဲစဉ်တစ်ခုကို ကစားနိုင်ခဲ့ပါတယ်။ ရလဒ်အပေါ် စိတ်ပျက်မိပေမယ့် ကျွန်တော့်ရဲ့ကစားသမားတွေအတွက် အရမ်းဂုဏ်ယူမိပါတယ်။ အက်သလက်တီကိုမက်ဒရစ်ကလည်း သူတို့ရဲ့အခွင့်အရေးကို စောင့်ဆိုင်းခဲ့ပြီး ဒီရလဒ်ပိုင်းက သူတို့အတွက် လုံလောက်ခဲ့ပါတယ်။
ကျွန်တော်တို့အတွက်တော့ ဒီရလဒ်ပိုင်းက ကွဲပြားခြားနားပြီး အရမ်းစိတ်ပျက်ဖို့ကောင်းပါတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီပွဲစဉ်အတွက် ကျေနပ်အားရမိပါတယ်။ ဒီနေ့ပွဲစဉ်မျိုးက ကျွန်တော်ကိုယ်တိုင် အသင်းမှာမြင်တွေ့ချင်တဲ့ ကစားဟန်မျိုး ဖြစ်ခဲ့ပါတယ်။ ရလဒ်နဲ့ပတ်သက်လို့ ဝမ်းနည်းမိပါတယ်။ ဒါပေမယ့် ပက်ဒရီ၊ ဂါဗီတို့အပါအဝင် ကစားသမားတွေအားလုံး စိတ်အားထက်သန်မှုအပြည့်နဲ့ ကစားခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ရလဒ်ကောင်းတွေလည်း ရရှိလာဦးမှာပါ။
အချိန်ကိုက်ရောက်ရှိလာတဲ့ အားလပ်ရက်နဲ့အတူ အသန်မာဆုံးပုံစံနဲ့ ကျွန်တော်တို့ ပြန်လာခဲ့ပါတယ်”လို့ ပြောပါတယ်။
ဘာစီလိုနာအသင်းက စပိန်စူပါဖလားပြိုင်ပွဲအတွက် ဆော်ဒီနိုင်ငံဆီ ခရီးမထွက်ခင် ဇန်နဝါရီ ၄ ရက်၊ ကိုပါဒယ်လ်ရေးဖလားပွဲစဉ်အဖြစ် Barbastro အသင်းနဲ့ရင်ဆိုင်ကစားရင်း ၂၀၂၅ ခုနှစ်ကို စတင်သွားရပါလိမ့်မယ်။