ဒုတိယရာသီကျိန်စာနဲ့ ဒဏ်ရာနွံထဲက လိဒ်စ်ယူနိုက်တက်ရဲ့လားရာ
၁၆နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက် လိဒ်စ်ယူနိုက်တက်ဟာ ပထမရာသီကို အကောင်းဆုံး ဖြတ်သန်းနိုင်ခဲ့ပါတယ်။ နည်းပြ ဘီယဲလ်ဆာရဲ့ ထူးခြားတဲ့ ကစားပုံနဲ့အတူ အခြားပြိုင်ဘက်တွေကို အဖြေထုတ်ရခက်စေခဲ့ကာ အဆင့်၉နေရာနဲ့ ရာသီကုန်ပြီး အကောင်းဆုံး ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ပါတယ်။
ဒါပေမဲ့ ယခုနှစ်ရာသီ ပထမနှစ်ဝက်မှာတော့ ဒုတိယရာသီ ကျိန်စာနဲ့ ဆိုင်တဲ့ လက္ခဏာတွေ လိဒ်စ်ယူနိုက်တက်မှာ မြင်တွေ့နေရပြီ ဖြစ်ပါတယ်။ အဖွင့်ပွဲ ၁၈ပွဲမှာ ဆိုးရွားတဲ့ ကစားပုံတွေအပြင် အဓိက ကစားသမားတွေ ဒဏ်ရာပြဿနာ ကြုံနေရတာနဲ့အတူ ဘီယဲလ်ဆာကလည်း အသင်း ဘယ်လောက် ဂိုးတွေပေးပေး သူ့ရဲ့ နည်းစနစ်ပိုင်း အတွေးအခေါ်ကို လုံး၀ ပြုပြင်ခဲ့ခြင်း မရှိပါဘူး။
ရာသီအစ ပထမ၆ပွဲမှာ နိုင်ပွဲပျောက်ခဲ့ပြီး လက္ခဏာတွေ စပြလာကာ ချဲလ်ဆီး၊ မန်စီးတီး၊ အာဆင်နယ်တို့ကို ဆက်တိုက်ရင်ဆိုင်ရတာကလည်း ခက်ခဲခဲ့ပြီး ပရိသတ်တွေက ဆက်လက်အားပေးနေပေမဲ့ နောက်ဆုံး ၂ပွဲဆက် ဂိုးပြတ်တွေ ရှုံးခဲ့မှုက စိတ်ပူစရာ ဖြစ်လာခဲ့ပါတယ်။ လိဒ်စ်ဟာ နောက်ဆုံး၂ပွဲမှာ ဆိုးရွားတဲ့ ခံစစ်ပိုင်း စွမ်းဆောင်ရည်ကို ပြသခဲ့ပြီး ၁၁ဂိုးအထိ ပေးခဲ့ရာကာ လာမယ့်ပွဲကလည်း လီဗာပူးကို အန်ဖီးလ်မှာ ဘောက်ဆင်ဒေးအဖြစ် ကစားရမှာ ဖြစ်နေပါတယ်။
လက်ရှိ အဆင့်၁၆နေရာမှာ ရှိနေပြီး တန်းဆင်းဇုန်နဲ့ ၅မှတ်သာ ကွာကာ နောက်က ဝက်ဖို့ဒ်နဲ့ ဘန်လေတို့ကလည်း ၂ပွဲ၊ ၃ပွဲလောက်ထိ ပွဲကျန်တွေ ရှိနေတာကြောင့် တော်တော်လေး ဆိုးနေတဲ့ အခြေအနေလို့ ပြောနိုင်ပါတယ်။ လိဒ်စ်တို့ ယခုနှစ်ရာသီ ကြုံတွေ့နေရတဲ့ ပြဿနာတွေနဲ့ ဘီယဲလ်ဆာ ဘယ်လို ဖြေရှင်းနိုင်မလဲဆိုတဲ့အပေါ် Daily Mailက သုံးသပ်ထားတာကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။
လိဒ်စ်တို့ ဘာတွေမှားယွင်းခဲ့သလဲ??
------------------------------
ယခုနှစ်ရာသီ လိဒ်စ်တို့ ရင်ဆိုင်နေရတာက ဒဏ်ရာပြဿနာလို့ပြောရင် မျှတပြီး ဘီယဲလ်ဆာတစ်ယောက် ကြံ့ခိုင်မှုပြည့်ဝနေတဲ့ အသင်းကို တစ်ခါမှ ရွေးချယ်နိုင်ခြင်း မရှိသေးပဲ ဒါကြောင့်လည်း အသင်း ရင်ဆိုင်နေရတဲ့ အခြား ပြဿနာအချို့ ရှိလာခဲ့ပါတယ်။ အာလင်းနဲ့ ဘမ်ဖို့ဒ်တို့ ပြန်လာခဲ့စဉ် ဘရန့်ဖို့ဒ်နဲ့ ၂ဂိုးစီ သရေကျပြီး ကောင်းမွန်တဲ့ လက္ခဏာတွေ မြင်ခဲ့ရပေမဲ့ နောက်ပိုင်းမှာတော့ ပွဲကျပ်ကာလမတိုင်ခင် အဓိက ကစားသမား အများအပြား ဆုံးရှုံးခဲ့ရပါတယ်။
အဓိကကျတဲ့ ဆုံးရှုံးမှုတွေကတော့ ကွင်းလယ်လူ ကယ်ဗင် ဖီးလစ်၊ ထိပ်တန်း ဂိုးသွင်းရှင် ဘမ်ဖို့ဒ်၊ အသင်းခေါင်းဆောင် ကူပါးနဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးရှင် ရိုဒရီဂိုတို့ဖြစ်ပြီး တစ်ချိန်တည်းမှာပဲ အသင်းက ရုန်းကန်နေရကာ အရည်အချင်းနဲ့ ဦးဆောင်နိုင်သူ ရှားပါးနေခဲ့ပါတယ်။ ဒါပေမဲ့ ပြဿနာ အစိတ်အပိုင်းတစ်ခုအဖြစ် လက်ညိုးထိုးနိုင်တာကတော့ နွေရာသီ အပြောင်းအရွှေ့အတွှင်း ကလပ်ရဲ့ လူသစ်ခေါ်ယူတဲ့ ဌာနဖြစ်ပြီး ဘီယဲလ်ဆာအတွက် အခြားအသင်းတွေနဲ့ယှဉ်ရင် အသင်းလူစာရင်းက အားနည်းခဲ့ပါတယ်။
လိဂ်မှာလည်း လူစာရင်း အနည်းဆုံးအသင်းဖြစ်ပြီး ဒါကြောင့်လည်း အဓိက ကစားသမားတွေ ဒဏ်ရာရချိန် အစားထိုးဖို့ ခက်ခဲခဲ့ပါတယ်။ နွေရာသီအတွင်း လိဒ်စ်ဟာ ဘယ်နောက်ခံလူ အလီရိုစကီးနေရာကို ဘာစီလိုနာကနေ ဖာပိုအား ပေါင် ၁၂.၈သန်းနဲ့ ဝယ်ယူကာ အစားထိုးခဲ့ပြီး အပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ဒန်နီရယ် ဂျိမ်းစ်ကို ယူနိုက်တက်ကနေ ပေါင် ၂၅သန်းနဲ့ ဝယ်ယူခဲ့ပါတယ်။
ဂျိမ်းစ်ဟာ ဆွမ်ဆီးကနေ ယူနိုက်တက် မပြောင်းခင်ကတည်းက နည်းပြ ဘီယဲလ်ဆာ စိတ်ဝင်စားခဲ့တဲ့ ကစားသမား ဖြစ်ပါတယ်။ ဒါပေမဲ့ တောင်ပံကစားသမားတွေက အစကတည်းက အများအပြား ရှိနေချိန် နောက်ထပ် တောင်ပံကစားသမား ဝယ်ယူခဲ့ပြီး တကယ်လိုအပ်နေတဲ့ ကွင်းလယ်လူ၊ အရန် တိုက်စစ်နေရာတွေကို အားဖြည့်ခဲ့ခြင်း မရှိပါဘူး။ ကွင်းလယ်ပိုင်းနေရာက အားဖြည့်ဖို့ အမြဲလိုအပ်နေတဲ့ နေရာ ဖြစ်ပြီး ယမန်နှစ်ရာသီကလည်း ဖီးလစ် မပါနိုင်တဲ့ ပွဲစဉ်တွေမှာ လိဒ်စ်က ရုန်းကန်ခဲ့ရပါတယ်။
ယမန်နှစ်ရာသီ ဖီးလစ် ဝင်ကစားခဲ့တဲ့ လိဂ်ပွဲစဉ် ၂၈ပွဲမှာ ၈ပွဲသာ ရှုံးခဲ့ပမဲ့ မပါဝင်ခဲ့တဲ့ ၁၀ပွဲမှာတော့ ၇ပွဲအထိ ရှုံးခဲ့ပါတယ်။ နွေရာသီအပြောင်းအရွှေ့ကာလတုန်းက ကွင်းလယ်လူ မခေါ်တော့ဘူးလားဆိုတဲ့ ပရိသတ်ရဲ့ မေးခွန်းကို ပိုင်ရှင် ရာဒရစ်ဇနီက “အဒမ် ဖော်ရှောရှိတယ်”လို့ ပြန်ဖြေခဲ့ပါတယ်။ ဖော်ရှောဟာ ယမန်နှစ်ရာသီက ဒဏ်ရာကြောင့် ၁ရာသီလုံးနီးပါး နားနေရပြီး ပါဝင်တဲ့ အချိန်တွေမှာ စွမ်းဆောင်ရည် ကောင်းခဲ့ပေမဲ့ ပိုင်ရှင်ရဲ့ အဖြေက လိဒ်စ် ပရိသတ်တွေကို ကျေနပ်စေခြင်း မရှိခဲ့ပါဘူး။
ဖီးလစ်တစ်ယောက် ယူရိုပြိုင်ပွဲကစားစဉ် ရလာတဲ့ နောက်ကျောဒဏ်ရာကြောင့် နားနေရချိန် အသင်းရဲ့ အဓိကအကျဆုံး ကစားသမား ရာဖင်ဟာကလည်း တံကောက်ကြောဒဏ်ရာ ခွဲစိတ်ကုသမှု ခံယူခဲ့ပြီးနောက် ၂လလောက် ပွဲစဉ်တွေကို လွဲချော်ဖို့ ရှိနေခဲ့ပါတယ်။ အစကတည်းက လူစာရင်းက အားနည်းတာကြောင့် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နိုင်ဖို့ အင်အားမရှိပဲ ကစားသမားတွေကို ကစားနေကျမဟုတ်တဲ့ နေရာတွေမှာ ကစားစေခဲ့ရပါတယ်။ အဆိုပါ ဒဏ်ရာပြဿနာများစွာနဲ့ ကြုံတွေ့ရမှုက တစ်နှစ်ကျော်က ပရီးမီးယားလိဂ် ချန်ပီယံ လီဗာပူးတောင် မနှစ်က ရင်ဆိုင်နိုင်ခြင်းမရှိခဲ့တဲ့ အရာတစ်ခုပဲ ဖြစ်ပါတယ်။
လိဒ်စ်အတွက် နောက်ထပ် ပြဿနာတစ်ခုကတော့ ယမန်နှစ်က ရှက်ဖီးလ်ယူနိုက်တက်လိုပဲ ပြိုင်ဘက်တွေဟာ သူတို့နဲ့ ရင်ဆိုင်ရချိန် အင်အားတွေ အချည်းနှီးဖြစ်စေဖို့ မတူညီတဲ့ နည်းစနစ်တွေကို သုံးလာကြတာပဲ ဖြစ်ပါတယ်။ ပြိုင်ဘက်တွေဟာ လိဒ်စ်ကို ဘောလုံးပေးကိုင်ပြီး ပြင်းထန်တဲ့ Pressတွေနဲ့ ပြန်ပြီး ရင်ဆိုင်လာတာကို တွေ့မြင်နေရပါတယ်။
လိဒ်စ်ဟာ ယခုနှစ်ရာသီ ပွဲစဉ်အများစုမှာ ဘောလုံးပိုင်ဆိုင်မှု ၅၅%ထိ ရှိပေမဲ့ သွင်းဂိုး ၁၈ဂိုးသာ သွင်းနိုင်ပြီး ယမန်နှစ်ရာသီ ယခုလိုအချိန်ကတော့ ဂိုး၃၀ သွင်းပြီးသွားပြီ ဖြစ်ပါတယ်။ ဘမ်ဖို့ဒ်ရဲ့ ဒဏ်ရာ ပြဿနာကြောင့် ရာဖင်ဟာကိုသာ အထူးအားကိုးနေခဲ့ရပြီး ဒုတိယရာသီဝက်မှာ ဘရာဇီးသား ကြံ့ခိုင်မှုပြည့်ဝနေဖို့က အဓိကကျနေပါတယ်။
ယခုနှစ်ရာသီ လိဒ်စ်ယူနိုက်တက်အတွက် ကြီးမားတဲ့ ပြဿနာကတော့ ခံစစ်ပိုင်းအမှားတွေ ဖြစ်ပြီး သူတို့ထက် ဂိုးပိုပေးထားတဲ့အသင်းဆိုလို့ နယူးကာဆယ် ၁သင်းသာ ရှိပါတယ်။ မကြာသေးမီက ပွဲစဉ်တွေအတွင်း လိဒ်စ် ကစားသမားတွေဟာ ဆိုးရွားတဲ့ ဆုံးဖြတ်ချက်တွေ ချမှတ် ကစားခဲ့ပြီး ဂယ်ရီနဗီးလ်ကတောင် အသက်၉နှစ်အောက် အသင်းဆိုပြီး အာဆင်နယ်ကို ၄-၁ဂိုးနဲ့ ရှုံးအပြီးမှာ နာမည်တပ်ခဲ့ရပါတယ်။
ဘီယဲလ်ဆာဟာ တစ်ဦးချင်းလူကပ်ကစားတဲ့ စနစ်ကို ဆက်လက်အသုံးပြုနေခဲ့ပြီး လိဂ်မှာ ပိုကောင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်ရတဲ့အခါ လိဒ်စ်တို့ ဒုက္ခရောက်ခဲ့ပါတယ်။ အာဆင်နယ်နဲ့ပွဲမှာဆိုရင် နောက်ခံလူ ကော့ချ်က လာကာဇက်တီကို ခေါ်သွားခဲ့ပြီး ဆာကာ၊ အိုဒီဂတ်တို့အတွက် ကြီးမားတဲ့ နေရာလွတ်တွေ ရရှိစေခဲ့ပါတယ်။ အဆိုပါ လက္ခဏာတွေဟာ ရာသီအစ အဖွင့်ပွဲစဉ်ဖြစ်တဲ့ ယူနိုက်တက်ကို ၅-၁ ဂိုးနဲ့ ဂိုးပြတ် ရှုံးခဲ့တဲ့ပွဲစဉ်ကတည်းက တွေ့ခဲ့ရတာ ဖြစ်ပြီး ဂိုးတွေအားလုံးနီးပါးက ခံစစ်အမှားကနေ ပေးလိုက်ရခြင်း ဖြစ်ပါတယ်။
စွန့်စားလွန်းပြီး ခေါင်းမာတဲ့ နည်းပြရဲ့ ကစားပုံကြောင့် လိဒ်စ်တို့ ယခုလို ရလဒ်တွေ ထိုးကျလာတာလို့ ပြောနေကြချိန် ဘီယဲလ်ဆာအတွက်လည်း ဖိအားတွေ များလာခဲ့ပါတယ်။
ပြဿနာတွေကို လိဒ်စ် ဘယ်လိုဖြေရှင်းနိုင်မလဲ?
-------------------------------
လိဒ်စ်ယူနိုက်တက်ဟာ လီဗာပူးနဲ့ပွဲစဉ်ပြီးရင် ဖေဖော်ဝါရီလ ၁၉ရက်နေ့ ယူနိုက်တက်နဲ့ ပွဲစဉ်မတိုင်ခင်အထိ အသင်းကြီး ၆သင်းနဲ့ ကစားရဖို့ မရှိတော့တာကြောင့် အဆိုပါပွဲစဉ်ကို ထွက်ပေါက်အဖြစ် အသုံးချလာနိုင်ပါတယ်။ လီဗာပူးနဲ့ပွဲပြီးရင် တန်းဆင်းဇုန်ထဲက ဘန်လေ၊ နယူးကာဆယ်တို့နဲ့ အိမ်ကွင်းပွဲစဉ်တွေ ကစားရမှာ ဖြစ်တာကြောင့် လိဒ်စ်တို့ တန်းဆင်းဇုန်နားကနေ ရုန်းထွက်နိုင်ဖို့ အကောင်းဆုံး အခွင့်အရေး ရရှိသွားဖို့ ရှိနေပါတယ်။
အဆိုပါပွဲစဉ်တွေမှာသာ ရလဒ်ဆိုးမယ်ဆိုရင်တော့ လိဒ်စ်ကို တန်းတင်ကျန်ရစ်ဖို့ ဘီယဲလ်ဆာက အမှန်တကယ် စွမ်းဆောင်နိုင်မယ့်သူ ဟုတ်ရဲ့လားဆိုတဲ့ မေးခွန်းတွေ များလာမှာ ဖြစ်ပါတယ်။ ဘီယဲလ်ဆာဟာ ဇန်နဝါရီအပြောင်းအရွှေ့အကြောင်း အမေးခံရတဲ့အချိန်တိုင်း ဝေဝေဝါးဝါးသာ ဖြေခဲ့ပေမဲ့ ကယ်ဗင်ဖီးလစ် ၂လကြာနားရတာ၊ ကူပါး အချိန်တစ်ခုထိ နားရမှာအပါအဝင် အခြားဒဏ်ရာပြဿနာတွေကြောင့် လိဒ်စ်တို့ အပြောင်းအရွှေ့ဈေးကွက်ထဲဝင်ဖို့ စဉ်းစားရန် လိုအပ်နေခဲ့ပါတယ်။
အခြား ကစားသမားတွေ ကြံ့ခိုင်မှု ပြည့်ဝလာချိန် ခေါ်ထားတဲ့ ကစားသမားတွေကို အရန်ခုံပို့ရနိုင်ရင်တောင် ဆောင်းရာသီဈေးကွက်အတွင်း အသင်းကို ကူညီဖို့ ၁ဦး၊ ၂ဦးလောက် ခေါ်ယူဖို့ လိုနေပါတယ်။ လက်ရှိ ပုံစံမျိုးနဲ့ အချို့ကတော့ လိဒ်စ်ဟာ နည်းပြ အပြောင်းအလဲ လုပ်ဖို့ လိုအပ်နေပြီဆိုပြီး ပြောဆိုမှုတွေ ရှိလာနိုင်ပါတယ်။
ဒါမျိုးပြောဆိုမှုကိုတော့ လိဒ်စ် ပရိသတ်အများစုထံကနေ ကြားရမှာ မဟုတ်ပဲ ဘီယဲလ်ဆာနဲ့ လမ်းခွဲလိုက်တာက အသင်းကို အကျိုးရှိစေမယ်ဆိုတဲ့ အာမခံချက်မျိုးလည်း မရှိပါဘူး။ ဘီယဲလ်ဆာ မရှိတော့ရင် လက်ရှိ ကစားသမားတွေကို ကိုင်တွယ်ရာမှာ သူ့ထက် ပိုတော်တဲ့ နည်းပြမျိုး ရှာဖို့က ရုန်းကန်ရနိုင်ပါတယ်။ ဘီယဲလ်ဆာရဲ့ နည်းစနစ်တွေဟာ အဆင့်မြင့်တန်းဘောလုံးပွဲတွေမှာ အလုပ်ဖြစ်တယ်ဆိုတာ ယခင်က မြင်တွေ့ခဲ့ဖူးပြီး အသင်းကို ဆွဲချနေတဲ့ ဒဏ်ရာကျိန်စာသာ ပျက်ပြယ်သွားမယ်ဆိုရင် ဇယားထိပ်ပိုင်းကို ပြန်တက်နိုင်မယ့် အခြေအနေ ရှိနေပါတယ်။
ဒါပေမဲ့ အထူးသဖြင့် လက်ရှိ အခြေအနေနဲ့ အသင်းကြီးတွေကို ရင်ဆိုင်ရတဲ့အချိန် အပါအဝင် ဘီယဲလ်ဆာရဲ့ အတွေးအခေါ်နဲ့ ချဉ်းကပ်မှုကိုတော့ ပြောင်းလဲဖို့ လိုအပ်နေပါတယ်။ ယခုနှစ်ရာသီ ဒီလောက်ဆိုးရွားနေတဲ့ အခြေအနေမှာတောင် Plan B ပြောင်းလဲဖို့ တွန့်ဆုတ်နေတဲ့ နည်းပြကို ပြင်းထန်စွာ ဝေဖန်ကြသူ အနည်းငယ်လည်း ရှိနေကြပါတယ်။ အသင်းကို ရလဒ်ကောင်းတွေ ပြန်ရချင်ရင် ဒါကလည်း စဉ်းစားဖို့ လိုအပ်တဲ့ အကြောင်းအရာတစ်ခုပဲ ဖြစ်ပါတယ်။
လက်ရှိ ပြိုင်ဘက်တွေဟာ လိဒ်စ်နဲ့တွေ့ရင် ထိုးဖောက်ရ အရမ်းလွယ်နေတာကြောင့် ဒီထက် ပိုမာကျောတဲ့ ပုံစနဲ့ ကစားဖို့ နည်းလမ်းရှာရန် လိုအပ်နေခဲ့ပါတယ်။ လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကနေ ရုန်းထွက်နိုင်ဖို့ကဘီယဲလ်ဆာရဲ့ တာဝန်ဖြစ်ပြီး နည်းပြကြီးအပေါ် ဝေဖန်မှုတွေ ရှိနိုင်ပေမဲ့ အခြေအနေဆိုးတွေကနေ အချိန်တိုအတွင်း ပြင်ဆင်နိုင်တဲ့ အကောင်းဆုံးနည်းပြကတော့ ဘီယဲလ်ဆာပဲဆိုတာ ငြင်းမရနိုင်တဲ့ အချက်တစ်ခုပဲ ဖြစ်နေပါတော့တယ်။