The network connection is lost.

Banner Image

ဆိုရှယ်မီဒီယာပေါ်မှာပဲ အချိန်မကုန်နေဖို့ အန်ဂူမိုဟာဆီ သတိပေးလာတဲ့ မိုဆာလက်

နယူးကာဆယ်နဲ့ပွဲစဉ်မှာ အံ့အားသင့်ဖွယ်အနိုင်ဂိုးကို သွင်းယူခဲ့တဲ့ လီဗာပူးအနာဂတ်ကြယ်ပွင့် အန်ဂိုမူဟာအတွက် တိုက်စစ်မှူးမိုဆာလက်က အကြံဉာဏ်အချို့ပေးပို့ခဲ့ပါတယ်။ နယူးကာဆယ်နဲ့ရင်ဆိုင်ရတဲ့ပွဲစဉ်အတွင်း အန်ဂူမိုဟာက အရန်ခုံတန်းမှထလာကာ လီဗာပူးအတွက် နာကျင်အချိန်ပိုအနိုင်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။ ဒါကြောင့် ပရီးမီးယားလိဂ်ပွဲဦးထွက်မှာပဲ သွင်းဂိုးရရှိခဲ့တဲ့ အသက်-၁၆ နှစ်အရွယ်ကစားသမားက ပရီးမီးယားလိဂ်သမိုင်းတလျှောက် စတုတ္ထမြောက်အသက်အငယ်ဆုံး သွင်းဂိုးရှင် ဖြစ်လာခဲ့ပါတယ်။

ဒါ့အပြင် လီဗာပူးသမိုင်းတလျှောက် ဒုတိယမြောက်အသက်အငယ်ဆုံးသွင်းဂိုးရှင် ဖြစ်လာတဲ့ အန်ဂူမိုဟာက  သူ့ရဲ့အဖွင့်ဂိုးအတွက် စိတ်လှုပ်ရှားမှုတွေ ပြည့်နှက်နေခဲ့တယ်လို့ ဝန်ခံပါတယ်။ ပရီးမီးယားလိဂ်ပွဲစဉ်တစ်ခုမှာ အနိုင်ဂိုးသွင်းယူနိုင်တဲ့ ဒုတိယမြောက်အသက်-၁၆ နှစ်အရွယ်ကစားသမားအဖြစ် ဝိန်းရွန်နီနဲ့အတူ ပူးတွဲရပ်တည်နိုင်ခဲ့တဲ့ အန်ဂူမိုဟာအတွက် အသင်းဖော်မိုဆာလက်က ကောင်းမွန်တဲ့အကြံဉာဏ်အချို့ ပေးပို့လာခဲ့ပါတယ်။

မိုဆာလက်က “ ကောင်လေးက ငယ်ငယ်လေးပဲ ရှိပါသေးတယ်။ ပွဲစဉ်အပြီးမှာတော့ ကျွန်တော်က သူ့ကို ‘ဆိုရှယ်မီဒီယာတွေပေါ်မှာ မသာယာမိစေနဲ့’လို့ ပြောခဲ့ပါတယ်။ အိုကေ၊ ဒီသွင်းဂိုးအတွက် ကိုယ့်မိသားစု၊ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့အတူ ပျော်ရွှင်နိုင်ပါတယ်။ ဘောလုံးနဲ့ပတ်သက်ပြီး ကိုယ့်ရဲ့ပထမဦးဆုံး အခိုက်အတန့်ဖြစ်နေလို့ အပြည့်အဝပျော်ရွှင်လိုက်ပါ။ ဒါပေမဲ့ ပြင်ပကမ္ဘာမှလာတဲ့ အသိအမှတ်ပြုမှုတွေအပေါ် မသာယာလိုက်ပါနဲ့။ ဒါတွေက အမြဲလိုလို အတုအယောင်လောက်သာ ဖြစ်သွားလေ့ရှိပါတယ်။ အတုအယောင်တွေနောက်လိုက်ရင် ကိုယ်လည်း အတုအယောင်ပဲ ဖြစ်သွားပါလိမ့်မယ်။ ဒါကြောင့် အန်ဂူမိုဟာအတွက် စောင့်ဆိုင်းနေတဲ့အနာဂတ်က ဘာဖြစ်မလဲ? ဒါက အခုအခြေအနေတွေကို သူ ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာအပေါ်မှာ မူတည်နေပါတယ်။ ဒါဆို ဘယ်လိုပုံစံမျိုးနဲ့ ကြိုးစားရမလဲ? ကျွန်တော့်အတွက်တော့ သူက အရမ်းငယ်ရွယ်နေသေးလို့ စိတ်ကြီးမဝင်ဘဲ ရိုးရိုးသားသားကြိုးစားနေဖို့ပဲ လိုအပ်ပါတယ်။ ကစားသမားအချို့ဟာ အစောပိုင်းမှာ အဆင်ပြေပေမယ့် နောက်ပိုင်းမှာတော့ ရုန်းကန်သွားရတယ်ဆိုတာကို ကျွန်တော်ကိုယ်တိုင်လည်း သူ့ဆီ ပြောပြခဲ့ပါတယ်။ သူ့အတွက် အကောင်းဆုံးဖြစ်လာစေဖို့ ကျွန်တော် အမှန်တကယ်ဆန္ဒရှိပါတယ်။ သူ့အနီးအနားမှာ အမှန်တကယ်ကောင်းမွန်တဲ့အသင်းတစ်ခုရှိသလို ကျွန်တော်တို့ကိုယ်တိုင်လည်း သူနဲ့စကားပြောပေးဖို့ အမြဲတမ်းကြိုးစားပါတယ်။ နည်းပြအန်းစလော့ဆိုရင်လည်း သူနဲ့ စကားပြောပေးလေ့ရှိပါတယ်။ ဒါကြောင့် သူ့အတွက် လိုအပ်နေတာက နှိမ့်ချတဲ့စိတ်ထားနဲ့အတူ အလုပ်ကြိုးစားဖို့ပါပဲ။ ဒါဆိုရင်တော့ ဘာတွေဖြစ်လာမလဲဆိုတာ မြင်တွေ့ရပါလိမ့်မယ်” Men In Blazers podcast အစီအစဉ်ဆီ ပြောကြားခဲ့ပါတယ်။

အန်ဂူမိုဟာက အခုဘောလုံးရာသီမှာ စီနီယာအသင်းအတွေ့အကြုံ ပိုမိုရရှိလာဖို့ မျှော်လင့်နေနိုင်ပေမယ့် အီကီတီကီနဲ့ အီဆက်ခ် ရောက်ရှိလာပြီးနောက်ပိုင်း ပွဲကစားချိန်မိနစ်တွေရရှိဖို့အတွက် တိုက်ပွဲတစ်ခုနဲ့ ရင်ဆိုင်သွားရပါလိမ့်မယ်။ အခုနိုင်ငံတကာသီတင်းပတ်အပြီး လီဗာပူးက စက်တင်ဘာ ၁၄ ရက်မှာ ဘန်လေနဲ့ ကစားရပါမယ်။