
မွေးနေ့ပါတီကြောင့် ဝေဖန်ခံနေရတဲ့ သူ့သားဘက်မှ ကာကွယ်ပြောဆိုမှုတွေပြုလုပ်လာတဲ့ ယာမယ်လ်ရဲ့ဖခင်
ဘာစီလိုနာပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်ဟာ သူ့ရဲ့အသက်-၁၈ နှစ်ပြည့်မွေးနေ့ကျင်းပရာမှာ ဝေဖန်မှုတွေအများအပြားကြုံတွေ့နေရပြီးယခုအခါမှာ ဖခင်ဖြစ်သူ နက်စ်ရာအူရီက ကာကွယ်ပြောဆိုမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ နက်စ်ရာအူရီက သူ့သားဟာ အသက်-၁၈ နှစ်အရွယ်သာမန်လူငယ်တစ်ယောက်ဖြစ်တာကြောင့် နားလည်ပေးကြဖို့နဲ့ သူ့သားရဲ့စွမ်းဆောင်ရည်အတွက် ဂုဏ်ယူကြဖို့ တိုက်တွန်းပြောကြားခဲ့ပါတယ်။
ဝေဖန်မှုတွေနဲ့ပတ်သက်ပြီး နက်စ်ရာအူရီက "ဝေဖန်သူတွေအနေနဲ့အသက်-၁၈ နှစ်အရွယ်ကောင်လေးတစ်ယောက်ကို လေးစားမှုရှိသင့်ပါတယ်။ သူက သာမန်ဘဝနဲ့ပျော်ပါးခွင့်ရှိတဲ့ ကလေးတစ်ယောက်ပါပဲ။ ပရော်ဖက်ရှင်နယ်ဘောလုံးသမားတစ်ယောက်ဆိုတာ မှန်ပေမယ့် သူ့မှာလည်း သူ့သူငယ်ချင်းတွေ မိသားစုတွေရှိပါတယ်။ ဒါကြောင့် သာမန်လူငယ်တစ်ယောက်ရဲ့ဘဝမျိုး သူလည်းထိုက်တန်ပါတယ်" လို့ပြောကြားခဲ့ပါတယ်။
ဆက်လက်ပြီး ဝေဖန်မှုတွေကို ဂရုစိုက်မှာမဟုတ်ကြောင်းကို နက်စ်ရာအူရီက "ကျွန်တော်ကတော့ လူတွေရဲ့ဝေဖန်မှုတွေကို ဂရုမစိုက်ပါဘူး။ ကျွန်တော့်မိတ်ဆွေတွေနဲ့စကားကိုပဲနားထောင်ပြီး ကျွန်တော့်ရဲ့အမြင်က ကျွန်တော့်သားက မှန်တာကိုလုပ်နေတယ်လို့ပဲမြင်ပါတယ်။ ဝေဖန်တဲ့လူတွေအနေနဲ့ ကိုယ့်ဘဝနဲ့ကိုယ်ပဲ နေသင့်ပါတယ်။ သူများဘာလုပ်တယ်ဆိုတာကိုလိုက်ကြည့်ပြီး မနာလိုဝန်တိုတာတွေ မဖြစ်သင့်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
ယာမယ်လ်ရဲ့စွမ်းဆောင်ချက်တွေနဲ့ပတ်သက်ပြီး ဂုဏ်ယူသင့်ကြောင်းကိုလည်း နက်စ်ရာအူရီက "ကျွန်တော့်ဘဝမှာ ယာမယ်လ်လိုစွမ်းဆောင်နိုင်ခဲ့တဲ့ လက်ရွေးစင်ကစားသမားမျိုး မမြင်ဖူးသေးပါဘူး။ သူ့ကြောင့် ကျွန်တော်တို့ ဂုဏ်ယူသင့်ပါတယ်။ ပြီးတော့ သူက ဘာစီလိုနာအတွက် နံပါတ် ၁၀ အင်္ကျီကို ဝတ်ဆင်သွားတော့မှာပါ။ ဒီအတွက်လည်း အားပေးထောက်ခံသင့်ပြီး သူ့ရဲ့စိတ်ကို ဖျက်ဆီးတာမျိုးမလုပ်သင့်ပါဘူး" လို့ပြောကြားခဲ့ပါတယ်။
လက်ရှိအချိန်မှာတော့ ယာမယ်လ်ဟာ ဘာစီလိုနာနဲ့အတူ ရာသီကြိုလေ့ကျင့်ရေးအစီအစဉ်တွေပြုလုပ်နေတာဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ အသင်းနဲ့ ကာလရှည်စာချုပ်ချုပ်ဆိုထားခဲ့ပါတယ်။ အသက်နဲ့မလိုက်အောင် အောင်မြင်မှုတွေရရှိထားတဲ့ ယာမယ်လ်အနေနဲ့ မီဒီယာတွေရဲ့အန္တရာယ်ကြောင့်အနာဂတ်မှာတော့ ဘောလုံးသမားဘဝနဲ့ သာမန်လူဘဝကို အတတ်နိုင်ဆုံးထိန်းညှိပြီး ရင့်ကျက်တဲ့လူတစ်ယောက်အဖြစ် ကြိုးစားသွားဖို့တော့ လိုအပ်နေပါတယ်။